တနင်္ဂနွေ၊ ဇွန်လ ၂၃ရက်၊ ၂၀၂၄

မောင်တောတွင် အာဆာအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၍ ငါးသွားဖမ်းသည့် အရပ်သားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

နောင်မင်းသူ၊ နိရဉ္စရာ ၊ မေ ၂၇/ ၂၀၂၄

ရခိုင်ပြည်၊‌ မောင်တောမြို့နယ်တွင် အာဆာအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၍ ရခိုင်အရပ်သားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာမှ ဦးငမဲဒေါင်၏သား ဦးမောင်သာထွန်း အသက် (၃၉)နှစ် ဖြစ်သည်။

ဦးမောင်သာထွန်းသည် ယနေ့ မေလ ၂၇ ရက်နေ့ နံနက် (၉)နာရီကျော်ခန့်က သူ၏ အစ်ကို ဖြစ်သူနှင့်အတူ ခရေမြိုင်ကျေးရွာ၏ အနောက်ဖက်တွင်ရှိသည့် ချောင်းတွင် ငါးသွားဖမ်းကြစဉ် ချောင်းတစ်ဖက်ကမ်းရှိ  နရူလာမွတ်ဆလင် ကျေးရွာအနီးရှိ နရူလာ မွတ်ဆလင်စခန်းမှ အဖွဲ့ဝင် ၇ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် လှမ်းပစ်သဖြင့် ထွက်ပြေးရာမှ သေနတ်ကျည်ဆံ ထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု မောင်တောဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" သူတို့ညီအစ်ကိုနှစ်‌ ယောက်ကရွာ အနောက်က ချောင်း   မှာ ငါးဖမ်းထွက်ကြတာပါ။ အဲ့ဒီမှာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ နရူလာ အာဆာ အဖွဲ့ကတပ်သား ခုနှစ်ယောက်ကလာပြီး သေနတ်နဲ့လှမ်းပစ်လို့ထွက်ပြေးရင်ညီဖြစ်သူမှာ သေနတ်ထိသွားတာပါ" ဟုပြောသည်။

ဦးမောင်သာထွန်းတွင် လက်မောင်းနှင့်ဒူးဆစ်တွင်သေနတ်ထိမှန်ကာ လဲကျသွားပြီး ရွာအရောက်တွင် သွေးထွက်လွန်ကာသေဆုံးသွားသည်ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" သူတို့တွေက သေနတ်နဲ့လှမ်းပစ်တာ အချက် ၂၀လောက်ရှိတယ်။ ညီဖြစ်သူက သေနတ်ထိမှန်ပြီး လဲသွားတယ်။ အစ်ကိုဖြစ်သူကမထိဘူး သေနတ်နဲ့လှမ်းပစ်နေတော့ ရွာကိုရောက်အောင်ပြေးတယ်။ ရွာရောက်ပြီးမှ ရွာသားတွေနဲ့အတူတူ ညီကိုသွားရှာတာ။ ရွာအဝင်ဝကိုရောက်တာနဲ့ဆုံးသွားပါတယ်" ဟုပြောသည်။

နရူလာကျေးရွာအနီးတွင်ရှိသည့် (ARSA)မွတ်ဆလင်စခန်းသည် နခခ (၅) ဧရိယာဝန်းကျင်တွင် တည်ရှိသည်ဟု ဒေသခံများက‌ ပြောသည်။ 

ဆက်စပ် သတင်းများ