သောကြာ၊ ဇွန်လ ၂၁ရက်၊ ၂၀၂၄

AA မြို့သိမ်းတိုက်ပွဲ ဆင်နွဲမည့်သတင်းကြောင့် သံတွဲမြို့တွင် စစ်ကောင်စီမှ ကုန်လမ်းရေလမ်း အဝင်အထွက်များကိုပိတ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ မေ ၂၆ ရက်/၂၀၂၄

အာရက္ခတပ်တော် (AA) မှ  မြို့သိမ်းတိုက်ပွဲ ဆင်နွဲမည့်သတင်းများ ထွက်ပေါ်နေမှုကြောင့် သံတွဲမြို့တွင် ကုန်လမ်း၊ ရေလမ်းခရီးသွားလာခွင့်များကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများမှ နိရဉ္စရာသို့ ပြောကြားသည်။

“ ဘာတိုက်ပွဲမဖြစ်တာ တာ ၃ရက်တော့ရှိပြီ။ စစ်တပ်ဖက်ကတော့အင်အားဖြည့်နေတာပေါ့။  လုံခြုံရေး ပိုတင်းကျပ်လာတယ်။ မြို့အဝင်အထွက်တွေ၊ မြို့ဘက်ကိုလာတဲ့ ကုန်လမ်း၊ ရေလမ်းတွေပါ ပိတ်ထားတယ်။ သူတို့ကမြို့ကို အသည်းအသန်ကာကွယ်မဲ့သဘောတော့ရှိတယ်။ ကိုယ်ပိုင်ကားနဲ့တောင် ရန်ကုန်ကို သွားခွင့်မပေးတော့ဘူး။ ပိုက်ဆံပေးပြီး ခွင့်ပြုချက်တော့ ယူရတယ်”ဟု ဒေသခံအမျိုးသား တစ်ဦးမှပြောသည်။

စစ်ကောင်စီတပ်မှ သံတွဲမြို့တွင် မေလ ၂၅ရက်နေ့မှစတင်ကာ ၂၇ရက်နေ့အထိ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်းများမရှိသကဲ့သို့  အာရက္ခတပ်တော်နှင့် စစ်ကောင်စီ ထိတွေ့ တိုက်ပွဲများလည်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

သံတွဲမြို့၏ ပင်လယ်ထွက်ပေါက်တစ်ခုဖြစ်သော ဆင်ခေါင်းကျေးရွာ မှတဆင့်သံတွဲမြို့သို့ ဝင်ရောက်နိုင်သည့် ရေလမ်းများအားလည်း စစ်ကောင်စီမှပိတ်ဆို့ထားကာ သွားလာခွင့်မပေးဟု သိရသည်။

ဆင်ခေါင်းကျေးရွာမှတဆင့် သံတွဲမြို့သို့အဓိကရေလမ်းဖြင့် သွားလာနိုင်သော ကင်းမော်ကျေးရွာတွင် မေလ ၂၅ရက်နေ့မှစတင်ကာ စစ်ကောင်စီအင်အားတိုးချထားကြောင်း ဒေသခံများထံမှသိရသည်။

“ကင်းမော်ဖက်ကိုအင်အားတိုးချထားတယ်ဆိုပါတော့။ ရွှေလှေ-သံတွဲ ကုန်းလမ်းကမသွားရတော့ ရွှေလှေတိုက်နယ်ကလူတွေ ဆင်ခေါင်းကနေတဆင့် ကင်းမော်ကို  အဓိက သွားလာနေကြတာလေ။ ဆင်ခေါင်းနဲ့ စစ်ဖြစ်တဲ့နေရာနဲ့က ၄မိုင်လောက်ပဲဝေး တယ်လေ။ ဆင်ခေါင်းက ပင်လယ်ကမ်းခြေ ကရွာကြီးပေါ့။ အဲ့ဖက်ကနေ အာရက္ခတပ်တော် မြို့ဖက်ကိုမလာနိုင်အောင်ထိန်း လိုက်တဲ့ သဘောပေါ့” ဟုဒေသခံတစ်ဦးမှပြောသည်။

ဆင်ခေါင်းကျေးရွာသည် သံတွဲမြို့၏ အနောက်မြောက်ဘက်တွင်တည်ရှိကာ ထိုရွာမှတဆင့် ပင်လယ်ရေကြောင်းမှ ကမ္ဘာကျော် ငပလီကမ်းခြေသို့လည်း သွားလာနိုင်သောကြောင့် ရေလမ်း တစ်လျှောက်တွင် စစ်ကောင်စီနေဗီများနေရာယူထားကြောင်း သိရသည်။

အာရက္ခတပ်တော်မှ သံတွဲမြို့နှင့် ၁၅ မိုင်အကွာအဝေးရှိသော ကျေးရွာများ သို့ ဒေသခံများ စစ်ဘေးတိမ်း ရှောင်ကြရန် ပန်ကြားထားကြောင်းလည်း ဒေသခံများထံမှသိရသည်။

“ဒီဘက်မှာက pdf တွေလည်းရောက်နေတယ်။ အေအေနဲ့ပါလာတာအနည်းဆုံးသံတွဲပတ်ဝန်းကျင်မှာ အများအပြား ရှိတယ်လို့တော့မှန်း တယ်။ စစ်ကောင်စီကလည်း ဧရာဝတီ -ဂွလမ်းတစ်လျှောက် ကားတွေနဲ့ စစ်အင်အားဖြည့်နေတာ ၄ ရက်လောက်ရှိပြီ။  စစ်ကောင်စီအင်အား ၁၀၀ကျော် လောက် ထပ်ဖြည့် ထားတယ်” ဟု သံတွဲဒေသခံတစ်ဦးမှပြောသည်။

ယခုရက်ပိုင်းတိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ငြိမ်သက်နေသောကြောင့် မကြာမီရက်ပိုင်းအတွင်း တိုက်ပွဲ အကြီးအကျယ်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်လျက်ရှိ ကြောင်းသိရသည်။

ဆက်စပ် သတင်းများ