စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မောင်တောမြို့မှ ဒေသခံအနည်းဆုံး ၁၀ ဦးခန့် ဖမ်းဆီးခံရပြီး ရွှေ၊ ငွေ၊ ပစ္စည်းများကို စစ်ကောင်စီတပ်က မွှေနှောက်ယူဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၂၇/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့မှ ဒေသခံ အနည်းဆုံး ၁၀ ဦးကို  နေအိမ်သို့ဝင်ရောက် ဖမ်းဆီးသွားပြီး  ရွှေ၊ ငွေ၊ ပစ္စည်းများကို မွှေနှောက်ယူဆောင်သွားကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယနေ့ မေလ ၂၇ ရက် နံနက်ပိုင်းတွင် ရွှေဇားတံတားအနီး လမ်းဆုံတွင် အင်အား ၅၀ ကျော်ခန့် ရှိသည့် စစ်ကောင်စီတပ်သားများသည် ရွှေဇားကျေးရွာအတွင်း နေအိမ်များကို အတင်း ဝင်ရောက်လာကာ မွှေနှောက်ရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် မျက်မြင်အမျိုးသမီးတစ်ဦးက "ကျမ ပြောသံတွေကြားရတယ်။ ဒီနားက တယောက်ကို ထိန်းထား။ ထွက်‌ပြေးရင် ပစ်သတ်လို့  ဖုန်းနဲ့ ပြောနေတယ်။ နောက်ပြီး လမ်းထိပ်က ထွက်လာတဲ့ တယောက်ကိုလည်း ဖမ်းထားပြီး အိမ်‌ရှေ့က  အပင်အောက်မှာ  ထိုင်ခိုင်းထားပါတယ်။ နောက်ပြီးအိမ်တွေကို  အတင်းကန်ကျောက်၊ ဖြိုချပြီးဝင်ကြတယ်။ ရွာကိုပတ်ပြီး အိမ်တိုင်းကို ဝင်ရှာတယ်။ ကျမတို့အိမ်က မောင်တစ်ယောက်နဲ့  မတ်တစ်ယောက်ကိုလည်း ခေါ်ယူသွားကြတယ်။ ကျမပုန်းနေတာကို သူတို့မတွေ့သွားဘူး။ နောက် ဝိမလ က ၆ ယောက်။ အရှေ့မှာဖမ်းထားတဲ့ တစ်ယောက်၊ နောက်ထပ် ၂ ယောက်နဲ့ဆိုရင် ပေါင်း  ၉ ယောက်လောက်ဖမ်းသွားတယ် "ဟု ပြောသည်။

မွန်းလွဲ  ၃ နာရီခန့်တွင် ဖမ်းဆီးခံထားရသူတချို့ ပြန်လွတ်လာသော်လည်း အမျိုးသမီး နှင့် မွတ်ဆလင်များ အပါအဝင် ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ်များမှ မွှေနှောက်ယူဆောင်သွားသည့် ရွှေ၊ ငွေ ၊ ဖုန်း နှင့် ပစ္စည်းများကိုလည်း ပြန်ပေးခြင်းမရှိဘဲ သိမ်းယူသွားကြကြောင်း သိရသည်။

"ဖမ်းယူသွားတဲ့ လူတချို့ ပြန်လွတ်လာကြပါတယ်။ ဒါပေမယ့် ကျမတို့အိမ်က ဓါးတိုတစ်လက် ၊ ငွေသား   ၁၂ သိန်းကျော်၊  လက်စွပ်တစ်ကွင်း၊  ဆွဲသီးတစ်ခု၊ မှတ်ပုံတင် နဲ့ ဝန်ထမ်းကဒ်‌တွေကို ယူသွားတယ်။ ဖုန်း ၄ လုံးလည်း ပါသွားတယ်။ ကျန်တဲ့အိမ်ကဟာတွေလည်း ပြန်မပေးဘူး ယူသွားတယ်လို့ ပြောကြတယ်။ နောက်ပြီး ဖမ်းယူသွားတဲ့သူတွေအထဲမှာ ရခိုင်အမျိုးသားတွေ သာမက  အမျိုးသမီးတွေ၊ မွတ်ဆလင်တွေလည်း ပါသွားတယ်လို့ သိရပါတယ်။ အရေအတွက်ကိုတော့ ကျမလည်း မသိပါဘူး"ဟု ပြောသည်။

အိမ်များကို ဝင်ရောက်ရှာဖွေစဉ် WY ဖမ်းဆီးရမိသည်ဟုဆိုကာ ၎င်းနေအိမ်မှ အမျိုးသား ၃ ဦးကို သီးသန့် ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

တစ်မြို့လုံးမှ ဖမ်းဆီးခံရသည့် ဒေသခံအရေအတွက်အများအပြားရှိသည်ဟု ဆိုသော်လည်း နိရဉ္စရာအနေနှင့် အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးပါ။

ဒေသခံများဖမ်းဆီးခံရမှု နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး နှင့် ပြောရေး ဆိုခွင့်ရှိသူတို့ကို ဖုန်းဖြင့်ဆက်သွယ်‌မေးမြန်း ‌ဆက်သွယ်၍မရခဲ့ပါ။

ယမန်နေ့ မေလ ၂၆ ရက်ကလည်း ရွှေဇားတံတားဂိတ်တွင် လမ်းများကိုပိတ်ကာ ဒရုန်းတပ်ဖွဲ့က ရွှေဇားကျေးရွာအုပ်စုတွင် ဒရုန်းများ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဘူးသီးတောင်မှစစ်ရှုံး၍ နခခ( ၅) သို့ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်သားများဖြစ်ပြီး နခခ(၅) မှ တဆင့် မောင်တောမြို့ထဲသို့ ရောက်ရှိ‌နေကြသူများ ဖြစ်‌သည်ဟု မောင်တောမှ ‌စစ်‌ရေး စောင့်ကြည့်သူတစ်ဦးက ဆိုသည်။

၎င်းတို့သည် နံနက် ၄ နာရီကျော်ခန့်တွင်   အင်အား ၂၀၀ ခန့်သည် တေဘာကား  ၂ စီး ၊  ဖောကား  ၃ စီးဖြင့် မြို့ထဲက ထွက်လာကာ  ယင်းအနက်မှ မောင်တော မြို့မအနောက်ရပ်ကွက်သို့  ၄၀ ကျော်ခန့်၊ မောင်တော မြို့မ အရှေ့ ရပ်ကွက်သို့   ၄၀ ကျော်ခန့် နှင့် မြို့မမြောက်ရပ်ကွက်ဘက်သို့ အင်အား  ၅၀ ကျော်  ခန့်သွားကြပါပြီး ကျန်သည့်စစ်ကောင်စီ တပ်သားများမှာ ကားများကို ရွှေဇားတံတားအနီး လမ်းဆုံတွင် ရပ်တန့်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့ အနီးပတ်ဝန်းကျင်ကို အာရက္ခတပ်တော်က ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကောင်စီ တပ်ကလည်း သူတို့ လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင်လင်အင်အား ၁၀၀၀ ကျော်ခန့်နှင် စစ်အင်အားကို လူနေရပ်ကွပ်များတွင် ဖြန့်ခွဲကာ ခံစစ်ဖြင့် ခုခံရန် ပြင်ဆင်နေသည်ဟု သိရသည်။

စစ်ကောင်စီသည် မောင်တောမြို့နယ် မြောက်ပိုင်းမှ အရေးပါသည့် ကြိမ်ချောင်း၊ ကျီးကန်းပြင် ဌာနချုပ်နှင့် လှဖိုးခေါင် နခခ(၁၀)နယ်ခြားစောင့်စခန်းများအပါအဝင် ဒါဇင်နှင့်ချီသော စစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်မခံရရန် နည်းမျိုးစုံဖြင့် ကြိုစား ပြင်ဆင်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ