သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲ ခြောက်လ တာကာလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် အရပ်သား၂၆၈ ဦးသေဆုံးခဲ့ပြီး စစ်ဘေးဒုက္ခသည်ပေါင်း ၅၇၀၀၀၀ ကျော်အထိ ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 500

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ၊ မေ ၂၈ ရက်/၂၀၂၄

ရခိုင်ပြည်နယ်ရှိ တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လ တာကာလ အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သား၂၆၈ ဦး သေဆုံးကာ  ဒဏ်ရာရသူ ၆၄၀ ဦးရှိကြောင်း အာရက္ခတပ်တော် (AA) ၏လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ပေးရေးရုံး (HDCO) က မေလ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့ သေဆုံး ဒဏ်ရာရရှိသူများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။

အဆိုပါ သေဆုံး ဒဏ်ရာရရှိသူများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့အထိ တိုက်ပွဲ ကာလအတွင်း ဖြစ်ကြောင်းသိရသည်။

သေဆုံးသူများမှာ ရခိုင် ၁၈၂ ဦး၊ မွတ်ဆလင် ၇၈ ဦး၊ မြို ၃ ဦး၊ ဗမာ ၂ ဦး၊ ခူမီ ၂ ဦး၊ မရမာကြီး ၁ ဦးစုစုပေါင်း ၂၆၈ ဦးဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရသူများမှာ ရခိုင် ၅၀၉ ဦး၊ မွတ်ဆလင် ၁၁၂ ဦး၊ မရမာကြီး ၈ ဦး၊ ခူမီ ၆ ဦး၊ Chaw ၅ ဦး၊ မြို ၂ ဦးစုစုပေါင်း ၆၄၉ ဦးဖြစ်ကြောင်းသိရသည်။

မင်းပြားမြို့နယ်မှ သေဆုံးသူ ၅၆ ဦးနှင့်ဒဏ်ရာရသူ ၁၇၂ ဦးအထိရှိခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုအများဆုံးရှိခဲ့သည့် မြို့နယ်ဖြစ်ပြီး မြောက်ဦးမြို့နယ်တွင် သေဆုံးသူ ၄၂ ဦးနှင့် ဒဏ်ရာရသူ ၇၂ ဦးအထိရှိခဲ့ကာ သေဆုံးထိခိုက်မှု ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်သည် အရပ်သား နေထိုင်သည့်နေရာများကို လေကြောင်းမှ ဗုံးကြဲခြင်း  လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ ကြောင်းသိရသည်။

ထို့အပြင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရာသူများ ထပ်တိုးလာပြီး  စစ်ဘေးဒုက္ခသည် ငါးသိန်းခုနစ်သောင်းကျော် (၅၇၂၃၀၀) အထိရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ဘေးဒုက္ခသည်စခန်းအများစုမှာလည်း စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာစသည့် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်းသိရသည်။

ဆက်စပ် သတင်းများ