စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ရီမယ်(လ်)မုန်တိုင်းအရှိန်ကြောင့် ရခိုင်ရှိ စစ်ဘေးရှောင်စခန်း အဆောင်အချို့ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 476

မောင်စာဂ/ နိရဥ္စရာ၊ မေ ၂၈ / ၂၀၂၄

ယမန်နေ့က တိုက်ခတ်ခဲ့သည့် ရီမယ်(လ်)ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများမှ နေအိမ်အဆောင်အချို့ ပျက်စီးသွားသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါနေအိမ် အဆောင်ခေါင်မိုးများ လွင့်ထွက်ပျက်စီးသွားခဲ့သည်ဟု စခန်းတာဝန်ခံများက ပြောသည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံ ဒေါ်မအေးခိုင်က "ခေါင်မိုးတွေပျက်စီးသွားတာက အများကြီးတော့မဟုတ်ဘူး။ ၇ ဆောင်လောက်ပဲ ပျက်သွားတာပါ။ ပြီးရင် ကလေးတွေစာသင်ဆောင်တစ်ခုလည်း ခေါင်မိုးလန်ပြီး ပျက်စီးသွားတယ်"ဟု ပြောသည်။

အဆိုပါစခန်းတွင် နေအိမ်အဆောင် ၉၈ ဆောင်ရှိပြီး ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ လူဦးရေစုစုပေါင်း ၄၀၀ ကျော် ခိုလှုံလျက်ရှိသည်ဟုလည်း သိရသည်။




အလားတူ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း နေအိမ်အဆောင် ၆၀ ကျော်ရှိသည့်အနက် ၅ ဆောင်ပျက်စီးသွားသည်ဟု စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်းက ပြောသည်။

"ပျက်စီးသွားတော့ မိုးစိုစိုနဲ့နေနေကြရတာပါပဲ။ ပြန်လုပ်ဖို့ကလည်း ပိုက်ဆံတွေမရှိကြဘူးလေ။ တော်တော်လေးကို အခက်အခဲပါပဲ"ဟု ပြောသည်။

အဆိုပါစခန်းတွင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ လူဦးရေ ၃၇၀ ခန့် ခိုလှုံလျက်ရှိသည်ဟု ဆိုသည်။

ယခုပျက်စီးသွားသည့်နေအိမ်အဆောင်များနှင့် စာသင်ဆောင်များကို တာပေါ်လင်စများ၊ မိုးကာစများနှင့် ဓနိများဖြင့် ဖြစ်သလိုမိုးကာထားရခြင်းဖြစ်သည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ မြတ်လှဲစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်မြင့်က "ကျနော်တို့ စခန်းမှာတော့ ခေါင်မိုးပွင့်ထွက်သွားတာ တစ်ဆောင်ပဲရှိတယ်။ ကျန်တာတွေကတော့ မိုးယိုတာတွေရှိတာပေါ့"ဟု ပြောသည်။

အဆိုပါစခန်းတွင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ အမြင့်ကျွန်းတို့မှ လူဦးရေ ၇၀၀ ကျော် ခိုလှုံလျက်ရှိပြီး နေအိမ်အဆောင် ၁၃၈ ဆောင်ရှိသည်ဟု သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)သည် အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတို့ကို မေလ၂၇ ရက်က တစ်နာရီလျှင် ကီလိုမီတာ ၁၁၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရခိုင်ကမ်းရိုးတန်း ဒေသရှိမြို့နယ်အချို့သည်လည်း မုန်တိုင်းအရှိန်ကို ခံခဲ့ကြရခြင်းဖြစ်သည်။

အဆိုပါမုန်တိုင်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ၁၁၅၉၉၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီး Mohibbur Rahman က AFP သတင်းဌာနကို ပြောထားသည်။

ဓာတ်ပုံ - မုန်တိုင်းအရှိန်ကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်းအဆောင်အချို့။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!