စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မောင်တောမြို့ထဲ၌ AAတပ်ဖွဲ့များ လျှို့ဝှက်စွာ ဝင်ရောက်နေမူ ရှိ/ မရှိ စစ်ဆေးစဉ် ဒေသခံနေအိမ်အများစု ဖောက်ထွင်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၈ ရက်/၂၀၂၄

ရခိုင်ပြည် မောင်တောမြို့ထဲတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲများ လျှို့ဝှက်စွာ ဝင်ရောက်နေမူရှိမရှိ စစ်ကောင်စီမှ ဝင်ရောက်စစ်ဆေးစဉ် နေအိမ်တချို့ ဖောက်ထွင်းခံရပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်ခံရသည်ဟု သတင်းရရှိသည်။

မေလ ၂၇  ရက် နံနက်ပိုင်းတွင် မောင်တောမြို့မ မြောက်ရပ်ကွက်အား စစ်ကောင်စီက စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ ဒေသခံနေအိမ်အများစု ဖောက်ထွင်းခံခဲ့ရကြောင်း မျက်မြင်ဒေသခံများထံမှသိရသည်။

"ကျွန်မတို့ မြို့မမြောက်ရပ်ကွက်ကို စစ်တပ်က မနေ့က မနက် အာရုဏ် ၅ နာရီလောက်မှာ ဝင်ရောက် လာကြတာ။ အိမ်တိုင်းကလူ‌ တွေအားလုံးကိုဆင်းခိုင်းတယ်။ စစ်ဆေးစရာတွေ ရှိတယ်လိုက်ခဲ့ကြဆိုပြီး ဝိမလရပ်ကွက်က စာသင်‌ ကျောင်းကိုခေါ်သွားကြတယ်။ လူအို‌‌ တွေနဲ့ မသန်စွန်းသူတွေနဲ့ နေထိုင် မကောင်းသူတွေကိုတော့ မခေါ်ကြဘူး။ အိမ်တံခါးထားတဲ့ နေအိမ်တွေကို ရိုက်ခွဲဖြိုဖျက်ဝင်ရောက်ပြီး ရှာဖွေမူတွေပြုလုပ်ကြတယ်။ ဖမ်းဆီးခံရသူနေအိမ်အများစု‌နေအိမ်တွေက ဖုန်းတွေ၊ ရွှေငွေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေယူသွားကြလို့ ပြန်လိုက်‌တောင်းကြတယ်။ ဒါပေမယ့် ဘာမှ ပြန်မရခဲ့ကြဘူးလို့ ကြားသိရတယ်" ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ 

စစ်ကောင်စီတပ်မ ၂၂ မှ အင်အား ၃ဝဝ ခန့်မှာ တေဘာကား ၅ စီးဖြင့် မေလ ၁၇ ရက် နံနက် ၅ နာရီခန့်၌ မောင်တောမြို့၊ မြို့မ‌ မြောက်ရပ်ကွက် ရှိတ္တာကျေးရွာနှင့် ဝိမလကျေးရွာ အား ဝိုင်းရံ ပိတ်ဆို့ထားပြီး ရခိုင်၊ ဟိန္ဒူ နှင့် မွတ်ဆလင် ကျား/မ(၂၀၀)ခန့်အား ဖမ်းဆီးပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

၎င်းတို့အား အမှတ်(၃)ရပ်ကွက် မူလွန် စာသင်ကျောင်း၌ ဖမ်းဆီးပြီး စစ်‌‌ဆေးမူများပြုလုပ်ခဲ့ကြကာ  တရားခံများကဲ့သို့ လူတစ်ဦးချင်း၏ မျက်လုံးများအား အဝတ်စဖြင့် စည်းနှောင်ကာ  အခန်းလွတ် တစ်ခု၌  မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ယူခဲ့ကြကြောင်း ဖမ်းဆီးခံရရာ၌ပါဝင်ခဲ့သူ ဟိန္ဒူအမျိုးသမီး တစ်ဦးက ပြောဆိုသည်။

"ကျွန်မတို့ကို နာမည်နဲ့မှတ် ပုံတင်တွေကို စစ်ဆေးတယ်။ ဘာလုပ်တယ်၊ ကိုင်တယ်စသည်ဖြင့် အားလုံးစာရင်း ယူစစ်‌ဆေးပြီး အရာရှိကလာ‌ပြောတယ်။ ခင်ဗျားတို့ကိုဘာမှ မလုပ်ဘူးပြန်လွတ်‌ ပေးမှာဆိုပြီး ကျွန်မအမျိုးသားကို မျက်နှာကို အဝတ်စနဲ့ စည်းပြီး ခေါ်ထုတ်လာတော့ ပစ်သတ်‌တော့ မယ်ထင်ပြီး အသက်အထွက်မတတ် ငိုခဲ့ရတယ်။ ကျွန်မတို့ကိုပိတ်ထားတဲ့အခန်း မှန်တံခါးက မကြည့်ရဘူး။ ကြည့်ယင်ပစ်သတ်မယ်။ နောက်တံခါးက ထွက် ပြေးယင်ပစ်သတ်မယ်လို့ စစ်သား‌တွေကပြောတယ်။ ကျွန်မတို့ကိုတော့  မျက်နှာကို ကိုယ်ဖာသာအဝတ်စနဲ့စည်းခိုင်းတယ်။ တရားခံတွေလို ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူတယ်"ဟု ပြောဆိုသည်။

မေလ ၂၇ ရက် နံနက် ၅ နာရီမှစပြီး ဒေသခံများအားများဖမ်းဆီးကာ နေအိမ်များအား တစ်အိမ် တက်ဆင်း ပိုက်စစ်တိုက် ရှာဖွေမူများပြုလုပ်ခဲ့ကြရာ ရွှေ၊ ငွေ၊ ဖုန်းများ မယူဆောင်ဘဲ အိမ်တွင် ထားခဲ့သူများ၌ ၎င်းပစ္စည်းများ ပျောက်ဆုံးခဲ့ရပြီး စစ်ဘေးရှောင်နေသည့် လူမနေသည့် နေအိမ်များအားလည်း  ဖောက်ထွင်းရှာဖွေ ခံခဲ့ရသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံကျား/မ ၂၀၀ ခန့်အား စစ်‌ကောင်စီတပ်မှ စစ်ဆေးမူများ အကြိမ်ကြိမ် ပြုလုပ်ပြီး မှတ်တမ်းဓါတ်ပုံများရိုက်ယူအပြီး ညနေ ၃ နာရီကျော် ၌ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

သို့သော်လည်း ပြန်မလွတ်လာဘဲ လက်ရှိ ဖမ်းဆီးခံထားရသူ တစ်ချို့ရှိနေသည်ဟု သိရသည်။

ပုံစာ- ဖောက်ထွင်းခံရသည့် နေအိမ်တစ်ခုအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!