အေးမြတ်ခိုင်
နိရဉ္စရာ၊ မေလ ၂၈/၂၀၂၄
ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိ၇သည်။
ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာ) ဦးညီထွေးဖြစ်သည်။ ၎င်းအား ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ( စရဖ)မှ စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးသွားသည့်အချိန်မှ ယနေ့အချိန်ထိ အဆက်အသွယ်မရရှိသလို ပြန်လွတ်လာခြင်း မရှိသေးကြောင်းအမည်မဖော်လိုသည့် ပြည်နယ်ပညာရေးမှူးရုံးမှ အရာရှိတစ်ဦးက နိရဉ္ဇရာ သတင်းဌာနသို့ပြောသည်။
“မိုခါမုန်တိုင်းကာလက ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းသွားတာပါ။ ဒီကနေ့ထိတော့ ပြန်လွတ်မလာသေးဘူး”ဟုပြောသည်။
မိုခါမုန်တိုင်းတိုက်ခတ်ပြီး တစ်နှစ်ကျော်ကြာမှ မိုခါမုန်တိုင်းကာလက ငွေကြေးကိစ္စအကြောင်းပြကာ စစ်ကောင်စီက ဖမ်းဆီးခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
ဒု-ညွှန်မှူး ဦးညီထွေးအား စ၇ဖမှ စစ်ဆေးမေးမြန်းပြီး ယမန်နေ့ မေလ ၂ရရက်နေ့ ညပိုင်းအချိန်တွင် စရဖရုံးမှ စစ်တွေ အမှတ်(၁) ရဲစခန်းသို့ပြောင်းရွေ့ထားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိ၇သည်။
ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာ) ဦးညီထွေးဖမ်းဆီးခံရသည့်အတွက် ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ အခြားလ/ထညွှန်ကြားရေးမှူး နှင့် ဦးစီးအရာရှိတချို့တို့သည်လည်း ၎င်းနှင့် ပတ်သက်ဆက်နွှယ်ကာ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းကပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်အထိ ( ၆ ) လတာကာလအတွင်း ၇ခိုင်တွင် အမျိုးသား ၃၄၆ ဦး နှင့် အမျိုးသမီး ၇၉ ဦး စုစုပေါင်း အရပ်သား ၄၂၅ ဦးဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံ၇သူများအနက် မွတ်ဆလင် ၃၉ ဦး နှင့် ၇ခိုင်လူမျိုး ၃၈၆ ဦးတို့ပါဝင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှ ယနေ့ မေလ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။