ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

အာရက္ခတပ်တော်၏ ထိုးစစ်ကို ခုခံရန် စစ်ကောင်စီက စစ်တွေ၊မောင်တောအပါအဝင် တောင်ပိုင်းမြို့နယ်များတွင် အင်အားတိုးချဲ့ပြီး ခံစစ်အတွက် ပြင်ဆင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 7.7k

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ ၂၉/ ၂၀၂၄

ရခိုင်ပြည်မြောက်ပိုင်းရှိ စစ်တွေ၊မောင်တောမြို့များအပါအဝင် တောင်ပိုင်းရှိ ကျောက်ဖြူ၊ သံတွဲ၊တောင်ကုတ်၊ဂွ၊မာန်အောင်၊အမ်းတို့တွင် အာရက္ခတပ်တော်၏ ထိုးစစ်ကို ခုခံရန် စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေပြီး ခံစစ်အတွက် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်၏ ထိုးစစ်ကို စိုးရိမ်၍ ဂွမြို့နှင့် ကျိန္တလီမြို့တွင် ပြည်မဖက်မှ ရဲတပ်ရင်းများအပါအဝင်စစ်ကောင်စီတပ်များ ရောက်ရှိနေပြီ ဂွရိုးမတစ်လျှောက်တွင်လည်း စစ်ကြောင်းထိုးလျက်ရှိနေသည်ဟု ဂွမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ဂွတို့ ကျိန္တလီတို့ ဘက်မှာ အရင်ကထက် ပိုတင်းကြပ်လာတယ်။ကျိန္တလီမှာ ရန်ကုန်၊ လှိုင်သာယာဘက်က ရဲတပ်ရင်းရောက်တယ်။ နောက်ထပ် အယောက် ၅၀စီ တပ်ရင်းတွေ ပါတယ်။ အဲ့ဒါကတော့ ဘယ်တပ်ရင်းတွေလည်း အတိအကျမသိဘူး။ကျိန္တလီနဲ့ ဂွကို ခံစစ်လုပ်ဖို့ ပြင်နေတယ်။ ပြီးတော့ ကုန်းလမ်းကြောင်းလဲ ပိုတင်းကြပ်လာတယ်။ ဖမ်းဆီးတာတွေလည်း ကြမ်းလာတယ်။ ဂွကနေ ရန်ကုန်တက်တဲ့ကားတွေကို ၁၁/ သတန(နိုင်)ဆိုရင် မတက်ရ လုပ်ထားတယ်” ဟုပြောသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့နယ်တွင်လည်း စစ်ကောင်စီတပ်မ ၂၂ နှင့် ARSA/RSO များပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး မောင်တောမြို့ မကျစေရေးအတွက် စစ်အင်အားတိုးချဲ့ခြင်းများပြုလုပ်လျက်ရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ စစ်တွေမှာလည်း ခံစစ်အတွက် စစ်ကောင်စီက အခိုင်အမာလုပ်နေတယ်။ မောင်တောမှာဆိုရင်လည်း စစ်ကောင်စီရဲ့ လှုပ်ရှားမှု အထဲမှာ ‌‌ARSA/RSO တွေ ပူးပေါင်းကြတာတွေရှိတယ်။  ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့လည်း အဆင်သင့် လုပ်ထားတယ်။စစ်အင်အားတွေလည်းဖြည့်ထားတာရှိတယ်” ဟုပြောသည်။

မာန်အောင်မြို့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများ၊ ရေတပ်နှင့် လေတပ်အတွက် ခံစစ်များအခိုင်အမာပြင်ဆင်နေသည်ဟု  မာန်အောင်မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ မာန်အောင်မြို့မှာဆိုရင်လည်း ဘောလုံးကွင်းကနေ လေယာဥ်ကွင်းအထိ ခြံစည်းရိုးတွေအခိုင်အမာ ကာထားတယ်။ စစ်ရေးအတွက် အကြီးအကျယ်ပြင်ဆင်နေတာ တွေ့ရတယ်” ဟုပြောသည်။

လက်ရှိရခိုင်ပြည် တောင်ပိုင်းမြို့နယ်များကို ပြည်မဘက်မှ ရဲ၊ စစ်တပ်များ နှင့် နယ်မြေခံတပ်များနှင့်ပူးပေါင်းကာ  အင်အားတိုးချဲ့ခြင်း၊ စစ်စခန်းတည်ဆောက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယင်းအပြင် ကျောက်ဖြူ၊တောင်ကုတ်မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်များ လှုပ်ရှားမှု ခပ်စိပ်စိပ်ရှိနေပြီး ကျောက်ဖြူ တောင်မော်ကြီးရေတပ်စခန်းကလည်း လက်နက်ကြီးကျည်များ မကြာခဏ ပစ်ခတ်လေ့ရှိကာ သံဇစ်မြစ်အတွင်းရှိ ဇက်နှင့် နေဗီသင်္ဘောများကလည်း ငါးဖမ်းထွက်သည့် စက်လှေများကိုလက်နက်ငယ်များဖြင့် လှမ်းပစ်ခြင်းများရှိကြောင်း သိရသည်။

အာရက္ခတပ်တော် (AA)၏ ထိုးစစ်ကို ခုခံရန် ရခိုင်ပြည်မြို့တော် စစ်တွေကိုလည်း နောက်ဆုံးခံတပ်မြို့တစ်ခုအဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး စစ်ရေးအရ အကြီးအကျယ် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု စစ်ရေးအခြေအနေသိရှိသူများက ပြောသည်။

ဆက်စပ် သတင်းများ