ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ မေ ၂၉ / ၂၀၂၄
ရခိုင်ပြည်၊ကျောက်ဖြူမြို့ကိုလည်း စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း စစ်အင်အား ဖြည့်တင်းနေပြီး မေလ ၂၈ ရက်တွင်စစ်အင်အား ၁၀၀ ခန့်ကို လေယာဥ်ဖြင့် ပို့ဆောင် အင်အားဖြည့်ခဲ့ကြောင်းသတင်းရရှိသည်။
မတ်လ ၂၈ ရက် ညနေ ၅ နာရီအချိန်ကကျောက်ဖြူလေယာဥ်ကွင်းသို့ စစ်ကောင်စီတပ်သုံး Y-12 အပါအဝင် ထောက်ပို့လေယာဥ်နှစ်စင်း ဆင်းသက်ခဲ့ပြီးလေယာဥ်ပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ကျောက်ဖြူမြို့သို့တင်အားဖြည့်တင်းခဲ့ကြောင်း စစ်ရေးအခြေအနေ လေ့လာ စောင့်ကြည့်သူ ဒေသခံလူငယ်တစ်ဦးကပြောသည်။
" ညနေ ၅ နာရီလောက်မှာ Y-12 ထောက်ပို့ယာဥ်တစ်စင်းရယ်။သူ့ထက်နည်းနည်းပိုကြီးတဲ့ ATR- 72 တစ်စီးရယ်လေယာဥ်ကွင်းကိုဆင်းတယ်။ စစ်သား ၁၀၀ ဝန်းကျင်ပါတယ်။ အဲဒီ စစ်သားတွေကို ကျောက်ဖြူခြေလျင်တပ်ရင်းကို ပို့ပြီးအင်အားဖြည့်တာ" ဟု သူကပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားများကိုမှော်ဘီမှ ပို့ဆောင်ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလ၇ ၃၄ကိုအင်အားဖြည့်တင်းခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
" အဲဒီစစ်သားတွေကို ခလ၇ ၃၄တပ်ရင်းကိုပို့တယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုများတည်ရှိရာကျောက်ဖြူမြို့သည် စစ်ကောင်စီအတွက်အကျိုးစီးပွားအရ အရေးပါသည့်မြို့ဖြစ်သည့်အလျောက် အာရက္ခတပ်တော်၏ ထိုးစစ်ကို အသေအလဲ ခုခံ ကာကွယ်နိုင်ရန် စစ်ကောင်စီတပ်ကစစ်အင်အားဖြည့်တင်းမှုများဆက်တိုက်ရှိနေပြီး စစ်ရေး ပြင်ဆင်မှုများအထူးပြုလုပ်နေကြောင်းမြို့ခံများကပြောသည်။
အလားတူအာရက္ခတပ်တော်က ကျောက်ဖြူမြို့ကို ဝင်ရောက်ထိုးစစ်ဆင်လာပါက အသေခံ တိုက်ခိုက်ခိုင်းရန်မွတ်ဆလင်ဒုက္ခသည်ရာနှင့်ချီကိုလည်း စစ်ကောင်စီက အတင်းအကျပ် စစ်သင်တန်းပေး လက်နက်တပ်ဆင်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်ကကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးကာရာနှင့်ချီဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့်ဒေသခံများကနိရဥ္စရာသို့ပြောသည်။
ယင်းနောက်ပိုင်းတိုက်ပွဲရပ်တန့်နေသော်လည်းစစ်တပ်က အရပ်သားများနေထိုင်ရာမြို့နှင့် ကျေးရွာ များကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးယခု မေလ ၈ ရက်၊မနက်ပိုင်းက စနဲမြို့ကို စစ်ကောင်စီဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာအမျိုးသမီးတစ်ဦးသေဆုံးပြီး ရ ဦးဒဏ်ရာပြင်းထန် ရရှိခဲ့သည်။