တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

စစ်တွေမြို့ ဆင်ခြေဖုံးတွင် တည်ရှိသည့် ဗျိုင်းဖြူရွာသားတချို့အား စစ်ကောင်စီက ဖမ်းဆီးပြီး လမ်းမပေါ်တွင် ဒူးထောက်ခိုင်းကာ စစ်ဆေးမှုများ ပြုလုပ်ပြီး ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ မေ ၃ဝ/ ၂ဝ၂၄

ရခိုင်ပြည်၊ စစ်တွေမြို့ ပြင် ဆင်ခြေဖုံးတွင် တည်ရှိသည့်  ဗျိုင်းဖြူရွာကျေးရွာအား ယမန်နေ့မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ကျေးရွာသားများကို ဒူးထောက်ခိုင်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျေးရွာသား တချို့ကိုလည်း ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဗျိုင်းဖြူရွာကျေးရွာသားများကို အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်မှုများရှိသည်ဟု စွပ်စွဲချက်ဖြင့် နေအိမ်များမှ လူများကို ဆွဲထုတ်ကာ လမ်းမပေါ်တွင် ဒူးထောက်ခိုင်းထားကြောင်း အဆိုပါကျေးရွာအနီးအနားနေသူများက နိရဉ္စရာအားပြောသည်။

ဗျိုင်းဖြူရွာကျေးရွာအနီးအနားမှ ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက“ အဲဒီသတင်းက အမှန်ပါပဲ။ ဟုတ်ပါတယ်။ ဗျိုင်းဖြူရွာမှာ ရွာသားတွေကို ဒူးထောက်ခိုင်းပြီး စစ်ဆေးတာပါ။ လမ်းတွေလည်း ပိတ်ထားပါတယ်။ လူဘယ်လောက်ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး။  ဒီနေ့ဆိုရင် ကျေးတောဘက်ကနေလမ်းတွေပိတ်ထားပါတယ်” ဟု ယနေ့ နံနက်က ပြောသည်။

၎င်းအပြင် လွန်ခဲ့သည့် မေလ ၂၂ ရက်နေ့ ညအချိန်တွင် ဗျိုင်းဖြူရွာကျေးရွာကို စစ်ကောင်စီမှ စစ်တပ်၊ ရဲ၊ လဝက နှင့် မီးသတ်တပ်ဖွဲ့တို့က ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဗျိုင်းဖြူရွာမှာ စစ်တွေမြို့နယ် ကျေးတောရွာမ၊ ရွှေပြည်သာကျေးရွာတို့အနီးတွင်တည်ရှိပြီး အိမ်ခြေ ၁ဝဝဝ ကျော်ရှိကြောင်းသိရသည်။

လက်ရှိတွင် ကျေးရွာသားတချို့မှာ နီးစပ်ရာဆွေမျိုးများရှိရာ မြို့နယ်များသို့ ရာနဲ့ချီ၍ ထွက်ပြေးနေကြကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်း ကျေးရွာများနှင့် မင်းဂံရပ်ကွက်တို့တွင် အာရက္ခတပ်တော်(AA) ရှိမရှိ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး သာမန် အရပ်သားများအား ဖမ်းဆီးမည်ကို စိုးရိမ်နေကြကြောင်း စစ်တွေမြို့ဒေသခံများက ပြောသည်။

ပုံစာ- ယခင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဗျိုင်းဖြူရွာနှင့် အနီးအနားကျေးရွာများတွင် သွားလာနေသည့် ပုံဟောင်းဖြစ်သည်။

ဆက်စပ် သတင်းများ