တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီ​၏ တိုင်းနှင့်ပြည်နယ်အလိုက် လူ(၅)ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ရခိုင်ပြည်နယ်မှ (၁၆)ခု ဖြင့် ဒုတိယ အများဆုံးဟု BNI ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4k

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ၊ မေ ၃၀ ရက်/၂၀၂၄

စစ်ကောင်စီ၏ တိုင်းနှင့်ပြည်နယ်အလိုက် လူ(၅)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုထဲတွင်ရခိုင်ပြည်နယ်မှ ဖြစ်စဉ် (၁၆)ခု ဖြင့် ဒုတိယ အများဆုံးဖြစ်ကြောင်း   မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားလေ့လာစောင့်ကြည့်နေသည့် BNI – Myanmar Peace Monitor အဖွဲ့မှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၏ မြို့နယ်ပေါင်း (၉) မြို့နယ်တွင်  ယခုကဲ့သို့ (၅)ဦးနှင့် အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့်  ဖြစ်စဉ်များအား တွေ့ရခြင်းဖြစ်ကြောင်း မေလ ၃၀ရက်နေ့တွင်  BNI  မှတာဝန်ရှိသူတစ်ဦးမှ နိရဉ္စရာသို့ ပြောသည်။

“ကျနော်တို့တွေ့ရှိချက်မှာတော့ နှစ်နှစ်အတွင်း ရခိုင်ပြည်နယ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေကို ကြည့်ရင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အဝေးကနေ လက်နက်ကြီးလက်နက်တွေနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူတွေအစုလိုက် အပြုံလိုက်သေဆုံး ခဲ့ကြရတာ ဖြစ်ပါ တယ်။ နောက်ပြီးအရပ်သားပြည်သူတွေကို တိုက်ရိုက်ဦးတည်တဲ့ ဖမ်းဆီးသတ်ဖြတ်မှုမျိုးတွေလည်း ရှိပါတယ်။ ဥပမာ-လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေကို ကျောက်တော်၊ မင်းပြား၊မြောက်ဦး၊ မြေပုံနဲ့ သံတွဲမြို့တွေမှာတွေ့ရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်လို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်တွေကိုတော့ ကျောက်တော်၊ မောင်တော၊ စစ်တွေနဲ့ သံတွဲမြို့တွေမှာ တွေ့ရပါတယ်။ ခြုံပြောရရင် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်ပေါင်း (၉) မြို့နယ်မှာ ဒီလိုမျိုး၅ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေကို တွေ့ရတာဖြစ်ပါတယ်။” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

BNI-Myanmar Peace Monitor အနေဖြင့် ပဋိပက္ခတိုက်ပွဲဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှု၊ပြည်သူ့ကာကွယ်ရေးတပ်သား (PDF-LDF) သေဆုံးမှုနှင့် အရပ်သားပြည်သူသေဆုံးမှုများကို ၂၀၂၂ ခု နှစ်မေလမှ စတင်ကောက်ယူမှတ်တမ်းပြုခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်၊ ၂ နှစ်ကျော်ကာလအထိ ပဋိပက္ခတိုက်ပွဲဖြစ်စဉ်များအတွင်း အရပ်သားပြည်သူပေါင်း ၄၀၄၂ ဦးအထိ သေဆုံးခဲ့ရသည် ကို တွေ့ရကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့သေဆုံးသူများ အနက် (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်ပေါင်း (၁၅၄)ခုရှိခဲ့ကြောင်းသိရသည်။ တိုင်းနှင့်ပြည် နယ် (၁၄) ခုစလုံးရှိ မြို့နယ်ပေါင်း ၉၄ မြို့နယ်တွင် အဆိုပါဖြစ်စဉ်များကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

 ယင်းအစု လိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၁၄၄၆ ဦးအထိ သေဆုံးခဲ့ရကြောင်းသိရသည်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များကို ဒေသအလိုက်လေ့လာကြည့်ပါက စစ်ကိုင်းတိုင်းတွင်ဖြစ်စဉ် (၄၈)ခုဖြင့် အများဆုံး၊ ရခိုင်ပြည်နယ်တွင် ဖြစ်စဉ် (၁၆) ခုဖြင့် ဒုတိယ အများဆုံးနှင့် မန္တလေးတိုင်းတွင် ဖြစ်စဉ် (၁၄)ခုဖြင့် တတိယအများဆုံးအဖြစ် အသီးသီးတွေ့ရှိ ရပါသည်” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီသည် တိုင်းနှင့် ပြည်နယ် ၁၄ ခုစလုံးတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း BNI – Myanmar Peace Monitor အဖွဲ့မှ ထုတ်ပြန်ထားပါသည်း

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်နီပြည်(ကယားပြည်နယ်)၊ မကွေးတိုင်း၊ ပဲခူးအရှေ့ပိုင်း၊ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းတောင်ပိုင်းနှင့် တနင်္သာရီတိုင်းတို့ တွင်လည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်(၅)ခုနှင့်အထက် အသီးသီးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၁၅၄ ခုသော အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်များအား အကြောင်းချင်းရာအလိုက် လေ့လာကြည့်ပါကာ အရပ်သားပြည်သူများအား တိုက်ရိုက်ဦးတည် ဖမ်းဆီးသတ်ဖြတ်မှုဖြစ်စဉ်သည် (၇၆) ခုရှိပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်များ၏(၅၀) ရာခိုင်နှုန်းနီးပါးအထိ ရှိနေပါသည်။ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့်အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် (၄၂) ခုရှိကာ ဒုတိယအများဆုံးဖြစ်ပါသည်။ ထို့အပြင်အဝေးမှတဆင့် လက်နက်ကြီး၊ အမြောက်စသော ပစ်ခတ်မှုများကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ် သည် (၁၇) ခုရှိပြီး တတိယအများဆုံးဟု ဆိုနိုင်ပါသည်” ဟုလည်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ် သတင်းများ