တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

အိမ်ခြေ ၁၀၀ ကျော်ရှိသော စစ်တွေ၊ ချောင်းနွယ် မင်းဂံ ကျေးရွာကို စစ်ကောင်စီက အင်အားသုံးဖြိုဖျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၃၁/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ အိမ်ခြေ ၁၀၀ ကျော်ရှိသော ချောင်းနွယ် မင်းဂံကျေးရွာကို စစ်ကောင်စီက အင်အားသုံးဖြိုဖျက်လိုက်ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာကို ယမန်နေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၊ ရဲ၊ စည်ပင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ မွတ်ဆလင်များကို ငှားရမ်းကာ ဖြိုဖျက်ခိုင်းခဲ့သည်ဟု စစ်တွေမြို့ခံ ဌာနဆိုင်ရာနှင့် နီးစပ်သည့် အမျိုးသားတစ်‌ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" စစ်သားတွေ၊ရဲတွေ၊စည်ပင်က ဝန်ထမ်းတွေလည်းပါတယ်။ စည်ပင်ကား‌ တွေလည်းပါတယ်။ သူတို့က သံတော်လီရွာက မွတ်ဆလင်တွေကို နေ့စား တစ်သောင်းခွဲနဲ့ ငှားပြီး ဖြိုခိုင်းတာ" ဟုပြောသည်။

ချောင်းနွယ်မင်းဂံကျေးရွာတွင် အိမ်ခြေ ၁၀၀ကျော်ရှိပြီး စစ်ကောင်စီ၏ ဖြိုဖျက်မှုကြောင့် ရွာလုံးကျွတ်ပြိုပျက်သွားခဲ့ရသည်ဟု ချောင်းနွယ်ကျေးရွာ၏ ရွာအနီးအနားတွင်ရှိနေသည့် ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

"ရွာမှာက ရွာကိုစောင့်နေတဲ့ သက်ကြီးပိုင်းအရွယ်တွေပဲ ရှိကြတာ။ ရွာသူရွာသားတွေက စစ်ဘေးရှောင်နေကြတာ ကြာပါပြီ။ ရွာလုံးကျွတ် တစ်အိမ်ပြီးတစ်အိမ် လိုက်ဖြိုနေကြတာ။ တစ်ရွာလုံးပြိုပျက်သွားပြီ ။အနည်းဆုံး ၁၀၀ ကျော် လောက်ရှိမယ် " ဟုပြောသည်။

စစ်ကောင်စီသည် ယမန်နေ့က စစ်တွေမြို့နယ်၊ဆတ်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) မှ ကျေးရွာသားများကိုဖမ်းဆီးကာ နေအိမ်တချို့ကိုလည်း ဖြိုဖျက်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်တွေမှ စစ်ဘေးရှောင်နေကြစဉ် လူမနေဘဲ ကျန်ရှိနေသည့် နေအိမ်များကို စစ်တပ်နှင့် ပူးပေါင်းကာ ဒေသခံတချို့ ဖြိုဖျက်ရောင်းစားမှုလည်း ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်တွေမြို့နယ်၊ တောကန်ကျေးရွာမှ မီးမလောင်ဘဲ ကျန်ရှိနေသေးသည့်နေအိမ်များကို စစ်တပ်က ဖြိုဖျက်ပြီး ပြင်ပစီးပွားရေးသမားများကို ရောင်းစားလိုက်သဖြင့် တောကန်ကျေးရွာတွင် အိမ်တစ်လုံးမှ မကျန်တော့ကြောင်း ကျေးရွာသားများက နိရဉ္စရာ သတင်းဌာနကို ပြောကြားသည်။

ထို့အပြင် စစ်တွေမြို့နယ် အမြင့်ကျွန်းရဲစခန်းနှင့် အနီးအနားရှိ စခန်းများမှ စစ်ကောင်စီစစ်သားများသည်အမြင့်ကျွန်းရွာတွင် ဝင်ရောက်နေထိုင်ကြပြီး ရွာသားများ​၏ စားနပ်ရိက္ခာများကို ယူဆောင်ခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်း၊ အိမ်များကို ဖြိုဖျက်၍ ထင်းအဖြစ်ရောင်းစားခြင်းများ ပြုလုပ်နေသည်ကို တွေ့နေရကြောင်း အမြင့်ကျွန်း ကျေးရွာသားများက ပြောသည်။ 

ပုံ - စစ်တွေမြို့နယ် စက်ရုံစုရပ်ကွက်မှ နေအိမ်များအား စစ်ကောင်စီမှ ဖြိုဖျက်နေပုံ(ပုံဟောင်း) 

ဆက်စပ် သတင်းများ