ကြာသပတေး၊ ဇွန်လ ၂၇ရက်၊ ၂၀၂၄

ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၁)ဦး နှင့် မွတ်ဆလင်များ အပါအဝင်အကျဉ်းသား (၉၈) ဦးကို AA က ကယ်ထုတ်ပေးခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 571

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ၊ မေ ၃၁ ရက်/၂၀၂၄

အာရက္ခတပ်တော် (AA) က ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့ အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသား (၃၁) ဦး အပါအဝင် အကျဉ်းသား (၉၈) ဦးအား ကယ်ထုတ်ပေးကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးခဲ့ကြောင်း မေလ ၃၀ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ် ရာတွင်မွတ်ဆလင် အကျဉ်းသားများလည်း ပါဝင်ကြောင်းသိရသည်။

အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးအား ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်တွင်အပြီးသတ် သိမ်းပိုက်ရယူခဲ့ပြီးဖြစ်ကြောင်းသိရသည်။

“ဘူးသီးတောင်မြို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းတွင် ဘူးသီးတောင် အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစရှိသော ရာဇဝတ်မှုအသီးသီးကျူးလွန်ထားသည့် အကျဉ်းသားစုစုပေါင်း (၉၈) ဦးအား ၂၀၂၄ ခုနှစ်၊ မေလ (၁၆) ရက်နေ့၌ ဘေးလွတ်ရာသို့ ကယ်ထုတ်လာနိုင်ခဲ့ပါသည်။ အဆိုပါ အကျဉ်းသား (၉၈) ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေးထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေးခဲ့ပါသည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီက နိုင်ငံရေးအရ ခုတုံးလုပ်ကာ မတရားသဖြင့် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသား (၃၁) ဦး ပါရှိပြီး ၎င်းတို့အား မိသားစုဝင်များနှင့် ဆက်သွယ်ပေးကာ မိသားစုဝင်များထံ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအချို့ကိုလည်း ၂၀၂၄ ခုနှစ်၊ မေလ (၂၆) ရက်တွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြပြီဖြစ်သည့်အပြင် မိမိတို့မှ ဆက်လက်ကူညီ ထောက်ပံ့ လျက်ရှိကြောင်းသိရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် စစ်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအားနိုင်ငံတကာ စစ်ဥပ‌ဒေအရ လူသားဆန်စွာ ကယ်ဆယ်ကူညီပေးလျက်ရှိသည့်အပြင် ယခုကဲ့သို့ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံနေကြရသည့် အကျဉ်းသားများစွာတို့ကိုလည်း တိုက်ပွဲများကြားမှ ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့သည့် ဖြစ်ရပ်များရှိကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့၌ အာရက္ခတပ်တော်နှင့် ဖက်ဆစ် စစ်ကောင်စီတို့ကြား တိုက်ပွဲများ မဖြစ်ပွားမီကပင် စစ်ကောင်စီသည် ဘူးသီးတောင်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသောအကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်းနိုင်ငံရေးအကျဉ်းသားအချို့အား ချန်လပ်ထားခဲ့ကြသည်။ အဆိုပါဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဘူးသီးတောင်အကျဉ်း ထောင်မှတစ်ဆင့် နခခ (၃) သို့ ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့ပြီးနောက် ဘူးသီးတောင်မြို့ ၌ တိုက်ပွဲများ ပြင်းထန်လာခဲ့သည့်တိုင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို တိုက်ပွဲကင်းလွတ်ရာသို့ ပြောင်းရွေ့ခြင်းအား ပြုလုပ်ရမည့်အစား လျစ်လျူရှုခဲ့ကြသည်။ ဤသည်မှာ စစ်ကောင်စီ၏ လူမျိုးရေးအမုန်းတရားကို အခြေခံကာ ရက္ခိုင်ပြည်က နိုင်ငံ‌ရေးအကျဉ်းသားများကို ပိုမိုဖိနှိပ်ပြီး လူ့အခွင့်အရေးချိူးဖောက်သည့် လုပ်ရပ်ကို အထင်အရှား တွေ့မြင်နေရသည်” ဟု  အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး မိမိတို့ကယ်ထုတ်ပေးထားသော အကျဉ်းသားများအား ၎င်းတို့ကျုးလွန်ခဲ့သည့်ပြစ်မှုများနှင့် ကျခံထားပြီး ပြစ်ဒဏ်ကို  ပြန်လည်စိစစ်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်းသိရသည်။

ဆက်စပ် သတင်းများ