တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

စစ်ရေးတင်းမာလာသည့် စစ်တွေတွင် AA နှင့် ဆက်စပ်သည့်ထောင်သားများကို ရန်ကုန်သို့ ပို့ဆောင်ပြောင်းရွှေ့ရန် သတင်းထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 5.4k

အိမ်စိုးဖြူ
နိရဉ္စရာ၊ မေ ၃၁/ ၂ဝ၂၄

စစ်ရေးတင်းမာလာသည့် စစ်တွေမြို့တွင် အကျဉ်းထောင်မှ အာရက္ခတပ်တော်(AA) နှင့် ဆက်စပ် ဖမ်းဆီးချုပ်နှောင်ခံထားရသူများကို ရန်ကုန်သို့ ပို့ဆောင် ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်းသိရသည်။

စစ်တွေမြို့အပါအဝင် မြို့နယ်တချို့မှ ဧည့်စာရင်းစစ်ရာတွင် ဖမ်းဆီးခံရသူ၊ စစ်ကြောင်းလှည့်ရာတွင် မသင်္ကာ၍ ဖမ်းဆီးခံရသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူများကို ရန်ကုန်သို့ပြောင်းရွှေ့မည်ဆိုသည့် သတင်းကြောင့် စိုးရိမ်ကြောင်း ဖမ်းဆီးခံထားရသူ မိသားစုဝင်များက နိရဉ္စရာအားပြောသည်။

စစ်တွေအကျဉ်းထောင်တွင်ဖမ်းဆီးခံထားရသူ၏ ဇနီးဖြစ်သူက “ရန်ကုန်ကိုပြောင်းမယ်လို့ အတွင်းသတင်းကသိရပါတယ်။ ရန်ကုန်ကိုပြောင်းတယ်ဆိုပြီး ပျောက်သွားမှာ စိုးရိမ်တယ်။ အခု စစ်တွေမှာဖြစ်နေတဲ့ ကိစ္စတွေနဲ့များ ပြောင်းမလားမသိဘူး။ စစ်မှုထမ်းခိုင်းမလားလည်း မသိရဘူး” ဟုပြောသည်။

၎င်း၏ အမျိုးသားဖြစ်သူမှာ ဖမ်းဆီးခံရစဉ်၌ လက်ကိုင်ဖုန်းတွင် AA နှင့်ဆက်စပ်သည်များ တွေ့ရှိသည်ဟုစွပ်စွဲချက်ဖြင့် စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သူမကဆက်ပြောသည်။

အဆိုပါ အကျဉ်းသားများအားပြောင်းရွှေ့မည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ မိသားစုဝင်များအား တရားဝင်ဆက်သွယ်အကြောင်းကြားမှုများမရှိသေးကြောင်းလည်းသိရသည်။

ရခိုင်တွင် စစ်ကောင်စီက လွန်ခဲ့သည့် နိုဝင်ဘာလကစ၍ အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး ချုပ်နှောင်ခံထားရသူ အရပ်သား ၄၂၅ ဦးအထိရှိနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ကမေလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်တွေမြို့တွင် မေလ ၂၉ ရက်နေ့ကစ၍ ဗျိုင်းဖြူရွာ(ဆတ်ရိုးကျအုပ်စု)ကို စစ်ကောင်စီက အကြမ်းဖက်ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အရပ်သား ၁ဝ ဦးသေဆုံးခဲ့ပြီး အရပ်သား ရာနှင့်ချီ၍ ဖမ်းဆီးခံထားရကြောင်းသတင်းရရှိသည်။

ယင်းနောက်အဆိုပါ ဆတ်ရိုးကျရပ်ကွက်အတွင်းမှ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများကို စစ်တွေမြို့လည်ခေါင်ဝင်္ကဘာကွင်းအတွင်းသို့ နှင်ထုတ်ခဲ့ပြီးနောက် စစ်တွေမြို့ခံဒေသခံများ စိုးရိမ်မှုမြှင့်တက်နေကြောင်းသိရသည်။


ဆက်စပ် သတင်းများ