Preview

စစ်တွေ ဗျိုင်းဖြူရွာမှ သတ်ဖြတ်ခံရသူများအထဲတွင် ရခိုင်နာမည်ကြီးအဆိုတော် ဦးကျော်လှတို့သားအဖပါဝင်ပြီး အသတ်ခံ၇သူ ၃၀ ကျော်ခန့်ရှိနေပြီဟု သတင်းများထွက်ပေါ်လာ

မေ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :7052
ရခိုင် သတင်း

အိမ်စိုးဖြူ၊နိရဉ္စရာ၊မေ ၃၁/ ၂၀၂၄

စစ်တွေမြို့ ဆင်ခြေဖုံးတွင် တည်ရှိသည့် ဗျိုးဖြူရွာတွင်လက်ရှိ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုအတွင်း စစ်ကောင်စီ၏ လူမဆန်သည့် သတ်ဖြတ်မှုကြောင့် ရခိုင်အဆိုတော် ဦးကျော်လှနှင့် သားဖြစ်သူတို့ပါဝင်ပြီး အသတ်ခံခဲ့၇ပြီး အနည်းဆုံး လူပေါင်း ၃၀ ကျော် အသတ်ခံထား၇ပြီဖြစ်ကြောင်းသတင်းများ ထွက်ပေါ်လာသည်။

ယခုကဲ့သို့ လူပေါင်း ၃၀ ကျော်ခန့်ထိ အသတ်ခံထားရပြီဖြစ်သည်ဟုဒေသခံများက ပြောဆိုသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် အရေအတွက် အတိအကျကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

သို့သော် အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်ဖြင့် ဗျိုင်းဖြူရွာမှ ဖမ်းဆီးခံထားရသူ အမျိုးသားများအား အင်္ကျီများကို ချွတ်ခိုင်းပြီးရခိုင်အမျိုးသားရေးဆိုင်ရာပုံများ၊ စာသားများကို တက်တူးထိုးထားသူများအား ရွေးချယ်ကာ  သေနတ်များဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောပြချက်အရသိ၇သည်။

“ ဗျိုင်းဖြူရွာက အမျိုးသားတွေကို အင်္ကျီတွေ ချွတ်ခိုင်းတယ်။သူတိုရဲ့ ခန္ဒာကိုယ်ပေါ်မှာ AA နာမည်တို့၊ သာလီစွတို့၊  ရခိုင်အောင်လံတော်ပုံတွေကို ထိုးထားတဲ့သူတွေကို သေနတ်တွေနဲ့ပစ်သတ်တယ်။ နေရာမှာဘဲ ပွဲချင်းပီးသေတယ်” ဟု ထွက်ပြေးလာသူအရပ်လူကြီးတစ်ဦးက ပြောသည်။

ရခိုင်မြို့တော် စစ်တွေကို အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်မည်ဟုသတင်းများ ထွက်ပေါ်လာပြီးနောက် စစ်တွေမြို့ဆင်ခြေဖုံးရပ်ကွက်များကို ဝင်ရောက်စစ်ဆေးပြီးယခုကဲ့သို့ သတ်ဖြတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နောက်ထပ် အမျိုးသမီးကြီး တစ်ဦးက “အဆိုတော ဦးကျော်လှနဲ့ သားဖြစ်သူ အသတ်ခံရတယ်။ သားဖြစ်သူ နာမည်တော့ မ၇ဘူး။  လူ၅၀ လောက် အသတ်ခံရတယ်လို့ သတင်းရတယ်။ အိမ်တွေကိုလည်း မီးရှို့နေတယ်။ အခု ဗျိုင်းဖြူရွာကိုမီးရှို့တာက နောက်ဆုံး၊ ကျေးတောပိုက်ဆိပ်၊ မလောင်ရွာအားလုံး အဲဒီဘက် တစ်ခြမ်းလုံး အရင်ကတည်းကစစ်တပ်က  မီးတိုက်ပစ်ပြီ”ဟုပြောသည်။ 

မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်သည် ဗျိုင်းဖြူရွာထဲကို ဝင်ရောက်လာပြီးရခိုင်တွင် ၎င်းတို့ စစ်ရှုံးနေမှုကို အငြိုးထားကာ ရွာသားများကို ယခုကဲ့သို့  စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း၊  ယနေ့ မေလ ၃၁ ရက်နေ့ကို ရွာကလူတွေ အကုန်လုံး တစ်ယောက်မကျန်ထွက်ရမည်ဟု အမိန့်ပေးလာသဖြင့် အားလုံးကို ရွာကနေ ထွက်ခွာခဲ့ရကြောင်း၊ ယင်းနောက်ပိုင်းဗျိုင်းဖြူရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ဗျိုင်းဖြူရွာကိုယနေ့  မေလ ၃၁ ရက် ညနေ ၆နာရီဝန်းကျင်ခန့်ကစစ်ကောင်စီက ရွာလုံးကျွတ် ထပ်မံမီးရှို့နေပြီးဖမ်းဆီးခံထားရသည့် အရပ်သား လူ ၃၀ ဝန်းကျင်ခန့် သေဆုံးသွားပြီဟုစစ်တွေမြို့မှ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးကလည်း  နိရဉ္စရာသတင်းဌာနအား ဆက်သွယ်ပြောသည်။

“အခုပဲ သေဆုံးသွားတဲ့ လူရဲ့အမျိုးသမီးက ဆက်သွယ်လာပါတယ်။သေသွားတဲ့လူတွေထဲမှာ အဆိုတော် ဦးကျော်လှတို့သားအဖပါတယ်လို့ပြောတယ်။သေဆုံးတဲ့လူ အယောက် ၃၀လောက်ရှိပြီလို့ သိရပါတယ်။ အထူး စိတ်မကောင်းစရာဖြစ်နေ၇ပြီ” ဟုပြောသည်။

ယနေ့ ညနေပိုင်းက ဗျိုင်းဖြူရွာဘက်က မီးခိုးလုံးများတက်လာသည်ကိုမြင်တွေ့ရကြောင်း  နောက်ထပ်စစ်တွေမြိုခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောကြားသည်။

“ ညနေပိုင်းက ကျွန်တော်ရေချိုးနေတဲ့အချိန်အဲဒီဘက်က မီးခိုးတွေနည်းတာကြီးမဟုတ်ဘူး။  ကောင်းကင်ပေါ် တက်လာတာတွေ့ပါတယ်။အဲဒီရွာလားတော့မသိပါဘူး။ မီးတော့အတော်များ ပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗျိုင်းဖြူတွင် နေထိုင်သူတချို့အားဆက်သွယ်ရာတွင် စက်ပိတ်ထားသဖြင့်စုံစမ်း၍ မရသလို သေဆုံးသူများ၏ မိသားစုဝင်များနှင်ဆက်သွယ်မှုရရှိရန် နိရဉ္စရာမှ ကြိုးစား နေဆဲဖြစ်ပြီး သေဆုံးသူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယနေ့ မေလ၃၁ ရက်နေ့တွင် အမျိုးသမီး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုတချို့ကို စစ်တွေမြို့ဝင်္ကဘာကွင်းအတွင်းသို့ စစ်ကောင်စီက ကားများဖြင့် လာရောက်ပို့ဆောင်ခဲ့သည်ဟုလည်း မျက်မြင် ဒေသခံများက ပြောဆိုသည်။

၎င်းလွတ်မြောက်လာသူမိသားစုဝင်များ၏ပြောပြချက်အရ ဖမ်းဆီးခံထားရသူ အမျိုးသား ရာနှင့်ချီ၍ ရှိနေကြောင်းသိ၇သည်။

(ဓာတ်ပုံ- ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရဲရိုးပြင်ကျေးရွာ စစ်တပ်က မီးရှို့၍ မီးလောင်နေပုံ/  ပုံဟောင်း)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.