သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ကြိမ်ခွေမော်ရွာတွင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 711

ကြိုင်ဟိန်းလင်း

နိရဉ္စရာ၊ ဇွန် ၁ / ၂၀၂၄

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနည်းဆုံးကျေးရွာ ၄ ရွာခန့်ကို ယနေ့ နံနက် ၁၀ နာ‌ရီကျော်က စစ်ကောင်စီဘက်က Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ‌ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိပြီး အိုး၊ အိမ်များလည်းပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။

ဗုံးကြဲခံရသည့် ကျေးရွာများမှာ ကြိမ်ခွေမော်၊ တောင်ဦးမော်၊ ဆင်တက်မော်၊ သဲခုံစသည့်ကျေးရွာများဖြစ်ကြပြီး ကြိမ်ခွေမော်ကျေးရွာမှ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ရွာခံ ရွာသားတစ်ဦးကပြောသည်။

" ဒဏ်ရာသုံးယောက်ရတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ စိုးရိမ်ရတယ်။ နောက်နှစ်ယောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတော့မဟုတ်ဘူး။ ဗုံး ၁၀ လုံးလောက် ရွာမှာကျတယ်။ အိုးအိမ်တွေလည်းပျက်စီးသွားတယ်" ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ ကြိမ်ခွေမော်ကျေးရွာမှ ကိုဦးသန်းမောင် အသက် (၂၉ ) နှစ်၊ ဦးကျော်ဇံသာအသက် (၅၉)နှစ် နှင့် ဦးဦးလှအောင် အသက် (၇၄) နှစ် တို့ဖြစ်ကြပြီး ထိုအထဲမှ ကို‌ဦးသန်းမောင်မှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည်ဟု သိရှိရသည်။

တောင်ဦးမော်ကျေးရွာကိုလည်း စစ်ကောင်စီ Y-12 ထောက်ပို့လေယာဉ်မှ ဗုံး ၇ လုံးကြဲချခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် ဆင်တက်မော်ကျေးရွာနှင့် သဲခုံကျေးရွာတိုကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆင်တက်မော်ကျေးရွာတွင် လူသေဆုံးမှုများရှိသည်ဟု ကနဦးသိရှိရသော်လည်း နိရဉ္စရာအနေဖြင့် အတည်မပြုနိုင်သေးပေ။

အဆိုပါ သတင်းနှင့် ပတ်သက်၍ အသေးစိပ်ကို တင်ပြနိုင်ရန် နိရဉ္စရာသတင်းဌာနမှ ဆက်လက်စုံစမ်းလျက်ရှိပါသည်။

ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို Y-12 ဖြင့် ဗုံး ၆ လုံးကြဲချခဲ့၍ လူသေဆုံး၊ ဒဏ်ရာရရှိမှုများလည်းရှိသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ