တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

အမ်းမြို့တွင် ကျောင်းအုပ်ဆရာကြီးနှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးပြီ လစာများကိုသိမ်းဆည်းသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊  ဇွန် ၂/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ပညာရေးဝန်ထမ်း ကျောင်းအုပ်ဆရာကြီးနှစ်ဦးကို မြန်မာစစ်တပ်က  ဖမ်းဆီးပြီး လစာများကိုပါ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ်  ညောင်ချောင်း ကျေးရွာမှ ဦးခင်အောင် အသက် (၃၀) မူလတန်းပြ ကျောင်းအုပ်ဆရာနှင့် ကျောက်မြောင်း‌အုပ်စု လင်ပန်းကျ‌ကျေးရွာမှ အလယ်တန်းပြ(ယာယီ) ကျောင်းအုပ်ဆရာ ဦး မောင်ဝင်း‌ ဌေး အသက် (၃၅)နှစ်ဖြစ်သည်။

ဖမ်းဆီးခံရသည့် အလယ်တန်းပြ ကျောင်းဆရာမှာ ဦးမောင်ဝင်းမှာ ကျောက်မြောင်းအုပ်စု၊ လင်ပန်းကျ ကျေးရွာတွင် တာဝန်ကျနေသူဖြစ်ပြီး  မေ လ ၃၁ ရက်နေ့က မြို့နယ်ပညာရေးရုံးမှ အစည်းအဝေး မပျက်မကွက် တက်ရောက်ရန် ခေါ်ယူခဲ့သဖြင့် သွားရောက်ခဲ့ရာမှ ရွာသို့ ပြန်လာစဉ် မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ ထောက်ပို့တပ်အလွန် လုံးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကနေ ဖမ်းဆီးသွားတာပါ။  ထုတ်လာတဲ့  လစာတွေပါ ယူသွားကြတယ်” ဟု အမ်းဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

မြို့နယ်ပညာရေးမှူးရုံးက  ပြည်နယ်အစိုးရရဲ့ညွန်ကြားချက်အတိုင်း အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြား၍ သွားရောက်ရာမှ အဖမ်းခံရသဖြင့်​ ယခုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်နှင့် ပြည်နယ် ပညားရေးဌာနများတွင် တာဝန်ရှိသည်ဟု ၎င်းက ပြောကြားသည်။

" မြို့နယ်ပညာရေးမှူးရုံးက  ပြည်နယ်အစိုးရရဲ့ညွန်ကြားချက်အတိုင်း အစည်းအဝေးမှာ ညွန်ကြားမယ် ဆိုပြီး ကျောင်းအုပ်၊တာဝန်ခံ ဆရာဆရာမတွေကို  အစည်းအဝေးခေါ်တယ်။ လင်ပန်းကျရွာမှာ တာဝန်ကျနေတဲ့ ဆရာ/ဆရာမတွေက မြို့ကိုသွားကြတာ။ ဦးမောင်ဝင်းက အစည်းအဝေးပြီး ပြန်လာတဲ့အချိန်မှာ လုံးရွာက စစ်သား သုံးယောက်က သူ့ကိုခေါ်ပြီး ဖမ်းသွားတာ။ လစာထုတ်လာတာလည်း ပါသွားတယ် ကျန်တဲ့သူတွေကတော့ အဖမ်းမခံရဘူး" ဟုပြောသည်။

ယင်းအပြင် ဦးခင်မောင် မူလတန်းကျောင်းအုပ်သည်လည်း မေလ ၃၁ ရက်နေ့က မြို့နယ် ပညာရေးရုံးမှခေါ်သည့် အစည်းအဝေးကို အသွားတွင်အမ်း- တပ်တောင်ကားလမ်း ထောက်ပို့တပ် စစ် ဆေးရေးဂိတ်တွင်  ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

" မူလတန်းကျောင်းအုပ်က  မနက်ပိုင်း အစည်းအဝေးအသွားမှာ  အဖမ်းခံရတယ်။  မြို့နယ်ထွေအုပ်က အကျပ်ကိုင်လို့ အစည်းအဝေးလုပ်ဖြစ်တဲ့ပုံစံပါ။ မိသားစုတွေနဲ့လည်းအဆက်အသွယ်မရသေးပါဘူး" ဟု အမ်းမျို့မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

မြို့နယ်ပညာရေးမှူး လက်မှတ်ပါသည့်  ညွှန်ကြားချက်တွင် ကျောင်းတာဝန်ခံ ကျောင်းအုပ်ကြီးများ မပျက်မကွက် လာရောက်ပါရန်နှင့် မော်တော်ဆိုင်ကယ်ဖြင့် လာရောက်သည့် ကျောင်းအုပ်ကြီးများကို စက်သုံးဆီ  (၂)လီတာ ကို ၎င်းတို့သတ်မှတ်‌ ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ကျောင်းအုပ်ကြီးများမှာ ကိုယ်စားလှယ်(ကိုယ်တိုင်) စေလွတ်ခြင်းမပြုဘဲ ကိုယ်တိုင် မပျက်မကွက် တက်ရောက်ကြမည်ဟု ပါရှိသည်။

ပြီးခဲ့သည် မေလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာ) ဦးညီထွေးကို   စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ( စရဖ)မှ စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အမ်းမြို့တွင်တိုက်ပွဲဖြစ်ပွားမည်စိုး၍ စစ်ဘေးရှောင်နေကြသည့် မြို့ပေါ်တွင် တာဝန်ကျ‌နေသည့် ကျောင်းဆရာ/ဆရာမများကို  မလာမနေရဟု မြို့နယ်ပညာရေးမှူးက ပြောဆိုထားပြီး မလာပါက ရာထူးမှရပ်ဆိုင်းမည်ဟု ညွန်ကြားထားကြောင်း အမ်းမြို့မှပညာရေးဝန်ထမ်းများကပြောသည်။ 

ယခင်ကလည်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက စာမေးပွဲအခန်းစောင့်ရန် ခေါ်ယူရာမှ ဆရာ ဆရာမများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ဆက်စပ် သတင်းများ