စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

မောင်တောမြို့တွင် ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများကို ဖွင့်လှစ်ရန်စစ်‌‌ကောင်စီပြင်ဆင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂ရက်/၂၀၂၄

ရခိုင်နယ်စပ်မြို့ မောင်တောမြို့တွင်  စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ဆေးရုံများကိုပါ ဖွင့်လှစ်ရန် စစ်ကောင်စီ ပြင်ဆင်နေကြောင်း မောင်တောဒေသခံဝန်ထမ်းများမှ တဆင့် သိရသည်။

"မောင်တောမြို့ပေါ်မှာစာသင်ကျောင်းတွေ၊ ရုံးတွေနဲ့ ဆေးရုံပါ ဖွင့်ရမယ်လို့ စစ်ကောင်စီက ညွန်ကြား ထားတယ်လို့ သိရတယ်။ မနေ့ကတော့ ခရိုင်ထွေအုပ်ရုံးကို သန့်ရှင်းရေးလုပ်နေတာ တွေ့တယ်။ ဒီနေ့ မနက်ရောက်လာတဲ့ ကမ်းထိုးရေယာဉ်မှာ မှာ ပညာရေးမှူး၊နောက်ရုံးမန်နေဂျာတွေ နဲ့ ဆေးရုံအုပ်ကြီး တစ်ဦးပါ ပါတယ်လို့သိရတယ်" ဟု ပြောသည်။

မောင်တောမြို့တွင် စစ်ကောင်စီက စစ်တပ်အင်အား အနည်းဆုံး ၂၀၀၀ ခန့် ဖြည့်တင်းထားသလို လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင် လက်နက်ကိုင်များနှင့်ဆိုလျှင် ခန့်မှန်း အင်အား ၄၀၀၀ ခန့်ရှိနိုင်ကာ မြို့ပတ်ပတ်လည်ရှိ လူနေ ကျေးရွာ ရပ်ကွက်များတွင် နေရာယူထားသည်ဟု သိရသည်။

၎င်းအပြင် မောင်တောနယ်စပ်မြို့သို့ ဇွန်လ ၁ ရက် နံနက်ကလည်း  ရေကြောင်းမှကမ်းထိုး‌ ရေယာဉ် ၂ စီးဖြင့် စစ်အင်းအားနှင့်လက်နက်ခဲယမ်းများ အလုံးအရင်း ထပ်မံ ပို့ဆောင် ဖြည့်တင်းလျှက် ရှိနေကြောင်း မျက်မြင်ဒေသခံများထံမှသိရသည်။

မောင်တော ဒေသခံတစ်ဦးက “ စစ်တွေမြို့ကနေ  ကမ်းထိုးဇက်ရေယာဉ် ၂ စီးနဲ့ လက်နက်တွေ၊ စစ်သားတွေ ပို့ဆောင်နေတာ။ ကမ်းထိုးဇက်ရေယာဉ်တွေက မောင်တောချောင်း၀တွင် ရပ်နားပြီး မောင်တော ဘုတ်ဆိတ် POE မှတစ်ဆင့်​ မော်တော်ဘုတ်တွေနဲ့  စစ်အင်အား၊ လက်နက် အင်အားတွေကို နခခ(၅) နဲ့ ကညင်ချောင်း စီးပွားရေးဇုန် ဖြည့်တင်းနေတာပါ” ဟု ပြောကြားသည်။

စစ်ကောင်စီသည် နယ်စပ်မြို့ မောင်တောအား သူတို့ ထိန်းသိမ်း အုပ်ချုပ်ထားနိုင်ကြောင်း ပြသလို၍ ယခုကဲ့သို့  မောင်တောမြို့ပေါ်တွင် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဆေးခန်းများကို ဖွင့်လှစ်ရန် စီစဉ်လာခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးက ပြောကြားသည်။

" နိုင်ငံတကာဖိအား‌ လျှောချဖို့ ဟန်ပြလုပ်နေတဲ့ အနေအထား မျိုးလည်း တွေ့ရတယ်။  သူတို့ မောင်တောကို ထိန်းထားနိုင်တယ်ပေါ့။ လက်တွေ့မှာ နယ်က စာသင်ကျောင်းတွေဘယ်လိုလုပ်ဖွင့်မလဲ။ လမ်းတွေပိတ်ထားတယ်။ မြို့ပတ်လည်က တံတား ၄ စင်း အထိဖြိုဖျက်ထားတယ်။ ဝန်ထမ်းအများစုကလည်း စစ်ဘေး ရှောင်နေကြရတယ်။ သူတို့ ဘယ်လုပ်ပြီး အုပ်ချုပ်ရေး ပြန်လည်ပတ်အောင် လုပ်မလဲဆိုတာကတော့ စောင့်ကြည်ကြရမှာပေါ့" ဟု ပြောကြားသည်။

မောင်တောနယ်စပ်မြို့အေးချမ်းတည်ငြိမ်နေကြောင်း စစ်ကောင်စီမှ ကြိုးစား ပုံဖော်နေသော်လည်း တစ်ခြားတစ်ဖက်တွင် အာရက္ခတပ်တော် (AA)နှင့်​ နှစ်ဖက် အနီးကပ်စစ်ဆိုင်ထားကာ စစ်ရေး အခြေအနေ တင်းမာလျှက်ရှိနေသည်ဟု သိရသည်။

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့အား သိမ်းပိုက်ပြီးနောက်ပိုင်းတွင် မောင်တောမြို့အား သိမ်းပိုက်လိမ့်မည်ဟု အများကယူဆခဲ့ကြသော်လည်း စစ်ကောင်စီတပ်က လူနေကျေးရွာ ရပ်ကွက်များအထဲတွင် နေရာယူထား၍ ပြည်သူများ ထိခိုက်မှုများနိုင်သဖြင့် တိုက်ခိုက်ရန် ခက်ခဲလျှက်ရှိနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ