စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ကျောက်တော်တွင် စိတ်မနှံ့သူ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 458

သဉ္ဇာနွယ်/ နိရဉ္စရာ၊  ဇွန် ၃/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် စိတ်မနှံ့သူ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ ကျောက်တော်မြို့နယ် သံပြင်ရွာအုပ်စု၊ အုပ်တောင်ပြင်ရွာမှ ဦးထွန်းဦး အသက်  (၅၈)နှစ် (ဘ) ဦးယက်သဲ့အောင်ဖြစ်သည်။

သေဆုံးသည့် ဦးထွန်းဦးသည်  ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက အုပ်တောင်ပြင်ရွာ၏ အနောက်ဖက်သို့ သွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" သူက စိတ်မနှံ့တဲ့သူပါ။ အိမ်ကနေ ဓားတစ်ချောင်းကိုင်ပြီး ရွာအနောက်ဖက်ကို သွားတာ၊ အဲဒီမှာ မိုင်းနင်းမိ၍ ညာဖက်ခြေထောက်တစ်ဖက်တစ်ချောင်းလုံး ပြတ်ပြီးသေသွားခဲ့တာပါ" ဟုပြောသည်။

ဦးထွန်းဦးတွင် မိုင်းဒဏ်ကြောင့် ညာဖက် ခြေထောက် တစ်ချောင်းလုံးပြတ်ထွက်သွားသည်သာမက ညာဖက် ရင်အုံတွင်လည်း အသားစများ ပွင့်ထွက်သွားပြီး ၎င်းဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

" မိုင်းပေါက်ကွဲသံကြားလို့ အဲဒီနားမှာ နွားကျောင်းနေတဲ့ လူငယ်တစ်ယောက်က သွားကြည့်တာ သေနေတာကိုတွေ့တော့ ရွာသားတွေကို သွားခေါ်ပြီး အလောင်းကို ယူလာပါတယ်။ ပြီးရင် မီး သင်္ဂြိုလ် လိုက်ကြပါတယ်" ဟု ကျောက်တော်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီသည် သူတို့  တပ်စခန်းချခဲ့ရာ တောတောင်များနှင့် နေရာယူခဲ့သည့် အနီးဝန်းကျင် နေရာများအပြင် အရပ်သားပြည်သူများ နေ့စဉ်သွားလာလှုပ်ရှား‌နေသည့် လမ်းများ၊ လယ်ယာ ကမ်းသင်များနှင့် တာတမံဆည်များတွင်  မိုင်းများထောင်ထားသည့်အတွက် ရခိုင်ပြည်သူများ နေ့စဉ်နှင့် အမျှ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။

ရခိုင်တွင် ယခုတစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၂၄ မတ်လမှ မေလ ၁၇ ရက်နေ့အထိ  ၂ လခွဲကျော်အတွင်း  မိုင်းပေါက်ကွဲ၍ အပြစ်မဲ့အရပ်သား (၆ )ဦးသေဆုံးပြီး ခြေထောက်ပြတ်ထွက်သူ (၁၉ ) ဦးနှင့် အခြားဒဏ်ရာရသူ (၁၅)ဦးရှိသွားပြီဟု နိရဉ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရသည်။ 

ဆက်စပ် သတင်းများ