Preview

သံတွဲ ငပလီမဇင်လေဆိပ်အနီး တစ်မိုင်ခန့်အကွာတွင် AA နှင့် မြန်မာစစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်

ဇွန် ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :3260
ရခိုင် သတင်း

(စစ်ကောင်စီတပ်က ဂေါ့ကျေးရွာတောင်ပေါ်စခန်းမှ ဆုတ်ခွာသွား)

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၃ ရက်/၂၀၂၄

သံတွဲမြို့မှနာမည်ကျော်ငပလီကမ်းခြေမြို့ရှိ မဇင်လေဆိပ်အနီးတွင် အာရက္ခတပ်တော်(AA)  နှင့် မြန်မာစစ်ကောင်စီအကြမ်းဖက် စစ်တပ်တို့ ဇွန်လ ၃ ရက် နံနက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး  စစ်ကောင်စီတပ်သည်ဂေါ့ကျေးရွာ တောင်ပေါ်စခန်းမှနေ ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများက နိရဉ္စရာ သို့ပြောသည်။

ငပလီ ဟိုတယ်ဇုန်တွင်ပါဝင်သော ဂေါ့ကျေးရွာအနီးတွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲဖြစ်ပွားသည့်နေရာသည် မဇင်လေဆိပ်နှင့် ၁မိုင်ခွဲ သာကွာဝေးပြီး ခလ၇ ၅၆၆ နှင့် ၂ မိုင်သာ ကွာဝေးသောနေရာဖြစ်သည်။

အဆိုပါ ဂေါ့ရွာအတွင်းရှိ Jasmine ဟိုတယ်သည် နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်ပြီး လွန်ခဲ့သောနှစ်များက စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့် တရုတ်စီးပွား အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံခဲ့သည့် ဟိုတယ်ဖြစ်သလို စစ်ခေါင်းဆောင်များ၏ ဆွေးနွေးပွဲများ၊ ညစာစားပွဲများမကြာခဏ ပြုလုပ်လေ့ရှိသော ဟိုတယ် တစ်ခုဖြစ်ကြောင်းသိ၇သည်။

“ ဂေါ့ရွာ ဝန်းကျင်မှာ ဒီမနက်တိုက်ပွဲဖြစ်တယ်။ အာရက္ခတပ်တော် ကဂေါ့ ရွာထဲအထိရောက် လာတာတွေ့တယ်။ စစ်ကောင်စီတပ်က မနေ့ကပဲဆုတ်သွားပြီ၊ ရွာပတ်ဝန်းကျင် မှာ အာရက္ခတပ်တော် အင်အားများတယ်။တဖြည်းဖြည်း ထိန်းချုပ်လာနိုင်တဲ့ သဘောပေါ့နော်။လောလောဆယ် လေယာဉ်လာသံတွေကြားနေ၇တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။


ဇွန်လ ၂ရက်နေ့က ဂေါ့ကျေးရွာတောင်းတန်းများပေါ်တွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတပ် ထိတွေ့မှုအနည်းငယ်ရှိ ခဲ့ပြီးနောက်ကျေးရွာအနီးတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားလာခြင်းဖြစ်ကာ  စစ်ကောင်စီနေဗီများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိ၇သည်။

ထို့အပြင် စစ်ကောင်စီမှဇွန်လ ၃ရက်နေ့ နံနက်ပိုင်းမှစတင်ကာ  မဇင်လေဆိပ်အနီးဂိတ်ချ ပိတ်ဆို့ထားခြင်းကြောင့် ဂေါ့ရွာနှင့် စပါးကြီးရွာမှ ဒေသခံများသည် ငပလီနှင့် သံတွဲမြို့ဘက်သို့ စစ်ရှောင်ရန် ထွက်လာ၍ မရဘဲ ကျေးရွာအတွင်းပိတ်မိနေကြကြောင်း ဒေသခံများက ပြောသည်။

“ လက်ရှိတိုက်ပွဲက ပြင်းထန်နေတုန်းပဲ အေအေက  အင်အားတ အားများ လာတာပဲ။စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲဖို့ အခြေအနေရှိတယ်၊ မြို့နဲ့နီးလာတဲ့အတွက် စိုးရိမ်စရာဖြစ်လာတယ်။ တိုက်ပွဲမှာ အကျအဆုံးတော့မသိရသေး၊ ဒီနေ့တရက်လုံးပစ်မယ်ထင်တယ်၊ စစ်ကောင်းစီလက်နက်ကြီး ၃ လုံးပစ်ပြီ ဒီမနက်” ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဂေါ့တောင်ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်များ ဆုတ်ခွာလျက်ရှိပြီး ဂေါ့ရွာနှင့် စပါးကြီးရွာမှ ဒေသခံများ ဘုန်းကြီးကျောင်းများ၊စာသင်ကျောင်းများ၌ စုဝေးနေ ကြသည်ဟု သိ၇သည်။

ထို့သို့ မဇင်လေဆိပ်အနီး တိုက်ပွဲများပြင်းထန်လာပြီး မြို့နှင့်နီးကပ်လာသောကြောင့် ငပလီကမ်း ခြေဒေသရှိ ကျေးရွာများဖြစ်သော လင်းသာ၊မြပြင်၊ငပလီ၊ဂျိတ္တော၊ကျေးရွာများရှိဒေသခံများသည် စစ်ဘေးတိမ်းရှောင်ရန်ပြင်ဆင်နေပြီး စိုးရိမ်လျက်ရှိကြောင်းသိ၇သည်။

 

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.