စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေတဲ့အတွက် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှုရပ်ဆိုင်းပြီး ခရီးစဉ်များကို ဖျက်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

(ငပလီကမ်းခြေရှိ ဂေါ့ကျေးရွာ တိုက်ပွဲစစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးကြဲ)

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၃ ရက်/၂၀၂၄

သံတွဲမြို့နယ်၊ နာမည်ကျော် ငပလီကမ်းခြေမြို့ရှိ မဇင်လေဆိပ်အနီး ဂေါ့ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး  စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေသဖြင့် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

အာရက္ခတပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့သည် ဇွန်လ ၃ ရက် မွန်းလွဲပိုင်းတွင် တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး ဂေါ့ကျေးရွာအား အာရက္ခတပ်တော်မှ ထိန်းချုပ်လိုက်သောကြောင့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း  ဒေသခံများက ပြောဆိုသည်။

“ လေယာဉ်ကတော့ တပတ်တခါလောက်ပဲ ပြေးနေတာလေ။ အခုရပ်ဆိုင်း လိုက်ရတယ်၊ တိုက်ပွဲဖြစ်နေတဲ့နေရာက လေယာဉ်ကွင်းနဲ့ တမိုင်ပဲဝေးတော့တယ်။ အခုပစ်နေတာ အတွဲလိုက် တွေပစ်နေတာ။ လက်နက်ကြီးလည်းပစ်တယ်။ ရေတပ်နေဗီကလည်းပစ်တယ်။ လေယာဉ်နဲ့ဗုံးကြဲတာ အကြီးအကျယ်ပဲ၊ အိမ်ခေါင်မိုးတွေပေါ်က ဖြတ်သွားတာ။ လူတွေ တော်တော် ကြောက်နေကြပါပြီ”ဟု ဒေသခံ တစ်ဦးကပြောသည်။

ဂေါ့ကျေးရွာနှင့် ဆင်ကျပ်ရွာအကြား ၂မိုင်ခန့်ရှည်လျှားသော တောတန်းဘက်သို့ စစ်ကောင်စီမှ အဓိက တိုက်ခိုက်လျက်ရှိပြီး ပြသည်သူများသည် ( မြပဒုမ္မာ)ပေါင်ဝန် ဉယျာဉ်အပန်းဖြေစခန်း၊ အမရာ ဟိုတယ်တို့တွင် ရှောင်တိမ်းလျက်ရှိ ကြောင်းဒေသခံများထံမှသိရသည်။


“အခုဖြစ်နေတာက ရွာအစွန် ငပလီဘက်က ဂေါ့ဖက်ကိုအဝင်ရွာအစမှာဖြစ်နေတာ။ သုံလုံးတခါ ခြေက်လုံးတစ်ခါ၊ နှစ်လုံး နှစ်ခါ ဂျက်ဖိုက်တာနဲ့ လေးကြိမ်ဗုံးကြဲသွားတယ်။ အခုလည်းလေယာဉ်တွေ တောက်လျောက် ပျံဝဲနေတယ်။ ပြည်သူတွေအနေနဲ့  ပုန်းခိုနေတဲ့နေရာက  အပြင်မထွက်နိုင်သေးဘူး” ဟုဒေသခံတစ်ဦး ကပြောသည်။

ထိုသို့  တိုက်ပွဲများပြင်းထန်နေပြီးနောက် မဇင်လေဆိပ်ကို စစ်တပ်က ပိတ်လိုက်ပြီး၊ မေလ ၁၃ရက်နေ့ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သံတွဲမြို့ဒေသခံများက ပြောဆိုသည်။

သံတွဲ-ရန်ကုန်နေ့စဉ်ပြေးဆွဲနေသည့် Air KBZ (K7-429) သည် ဇွန်လ ၃ရက်နေ့ ပျံသန်းနိုင်ခြင်းမရှိဘဲ ရုတ်တရက် ရပ်နားလိုက်ခြင်းဖြစ်ပြီး ပြန်လည်ပြေးဆွဲပေးမည်ရက်ကို မသိရသေးကြောင်းသိရသည်။

ပြီးခဲ့သည့် မေလကုန်အထိ သံတွဲမှ ရန်ကုန်သို့ အဲကမ္ဘောဇ လေကြောင်းလိုင်းတခုတည်း နေ့စဉ်ပြေးဆွဲ နေခဲ့ပြီး၊ ယခုဇွန်လတွင် မြန်မာ့လေကြောင်းက တပတ်လျှင်တကြိမ် ပြန်လည်စတင်ပြေးဆွဲနေခြင်း ဖြစ် ကြောင်း သိရသည်။

လက်ရှိ ငပလီ ဟိုတယ်ဇုန်တွင်ပါဝင်သော ဂေါ့ကျေးရွာအနီးတွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲဖြစ်ပွားသည့်နေရာသည် မဇင်လေဆိပ်နှင့် ၁မိုင်ခွဲ သာကွာဝေးပြီး ခလရ ၅၆၆ နှင့် ၂ မိုင်သာ ကွာဝေးသောနေရာဖြစ်သည်။

ဆက်စပ် သတင်းများ