ကြာသပတေး၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၄

မောင်တောတွင် တိုက်ပွဲပြင်းနေ၍ စစ်ကောင်စီက လေကြောင်းနှင့်အတူ စစ်တွေဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

မောင်စာဂ၊ နိရဉ္စရာ၊  ဇွန် ၃/၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲများပြင်းထန်နေသည့်အတွက် စစ်ကောင်စီဘက်က လေကြောင်းနှင့်အတူ စစ်တွေဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေရသည်ဟု သိရသည်။

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူအနီးရှိ စစ်ကောင်စီနယ်ခြားစောင့်စခန်း ၃ ခုအနက် ၂ ခုကို အာရက္ခတပ်တော်(AA)က ယမန်နေ့ ဇွန်လ ၂ ရက်တွင် ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရသည်။

ကျောက်ပန္ဒူကျေးရွာအနီး နယ်ခြားစောင့်စခန်း ၃ ခုရှိပြီး ကျေးရွာ၏ ဘယ်ဘက်နှင့် ညာဘက်ရှိ စခန်း ၂ ခုစလုံးကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

တောင်ပေါ်စခန်းတစ်ခုအား ဆက်လက်ဝိုင်းထားပြီး ယင်းစခန်းမကျစေရေး ပင်လယ်ပြင်ရှိ စစ်ကောင်စီနေဗီက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။

အလားတူ စစ်ကောင်စီသည် မောင်တောမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာများကို စစ်တွေရှိ စစ်ကောင်စီတပ်များကလည်း လက်နက်ကြီးများဖြင့် လှမ်းပြီး ပစ်ကူပေးနေရသည်ဟု သိရသည်။

စစ်တွေဒေသခံတစ်ဦးက  "စစ်တွေဘက်ကတော့ တောက်လျှောက်လှမ်းပစ်နေတာပဲ"ဟု ပြောသည်။

စစ်တွေဘက်မှလှမ်းပစ်သံများကို အဝေးမှပင် ခပ်သဲ့သဲ့ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AA နှင့်နီးစပ်သူတစ်ဦးက "မောင်တောဘက်မှာ ပြင်းနေတော့ အဲဒီဘက်ကို ပစ်ကူပေးနေတာလေ" ဟု ပြောသည်။

စစ်ကောင်စီဘက်က ယခုရက်ပိုင်းအတွင်း မောင်တောမြို့ကို အလုံးအရင်းနှင့် အင်အားဖြည့်တင်းမှုများရှိနေသည်ဟု သိရသည်။

AA က သိမ်းပိုက်ထားသည့် မောင်တောမြောက်ပိုင်းကိုလည်း ကင်းထောက်လေယာဥ်များဖြင့် ဝဲပျံစောင့်ကြည့်မှုများရှိနေသည်ဟု ဒေသခံများက နိရဥ္စရာကိုပြောဆိုထားသည်။

အလားတူ မောင်တောမြို့နယ် ၄ မိုင်၊ ငွေတောင်ကျေးရွာအနီးတွင်လည်း ယမန်နေ့ ညအချိန်မှ စပြီး စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

ယခုကဲ့သို့ မောင်တောတောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီဘက်က စစ်နေဗီက လှမ်းပစ်နေသလို ဂျက်တိုက်လေယာဥ်များ၊ ထောက်ပို့ Y12 လေယာဥ်များဖြင့် နေ့ညမရွေး သွားရောက်ကာ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက "ဂျက်နဲ့ Y12 တွေတော့ ခုရက်ပိုင်းအတွင်း နေ့ရော၊ ညရော တောက်လျှောက်သွားနေတာပဲ။ မောင်တောဘက်ကိုပဲ ဦးတည်သွားတာပါ။ သူတို့တွေ ရွာအပေါ်ကနေပျံရင် ဘယ်နေရာ ဝင်ပုန်းရမှန်းမသိ စိုးရိမ်နေရတယ်" ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် မောင်တောအပါအဝင် စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင်၊ တောင်ကုတ်နှင့် ဂွမြို့နယ်များရှိ စစ်ကောင်စီစစ်စခန်းများကို တစ်ခုမကျန် ထိုးစစ် ဆင်တိုက်ခိုက်ရန်စီစဥ်ထားကြောင်း ယမန်နေ့ ဇွန် ၂ ရက်တွင် AA က ကြေညာထားသည်။

ဓာတ်ပုံ - စစ်ကောင်စီ

ဆက်စပ် သတင်းများ