တနင်္လာ၊ ဇွန်လ ၂၄ရက်၊ ၂၀၂၄

မောင်တောတောင်ပိုင်းရှိ နယ်ခြားစောင့်စခန်း ၄ ခုကို AA သိမ်းပိုက်လိုက်ပြီဟု ဒေသခံများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

(မြင်းလွှတ် နခခ(၉)အား ဝိုင်ရံပိတ်ဆို့ထား)  

 

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၄ ရက်/၂၀၂၄

 

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တော-အငူမော်ကားလမ်းပေါ်ရှိ ကျောက်ပန္ဒူကျေးရွာအနီးမှ  နယ်ခြားစောင့်စခန်း ၃ ခု၊ ကျောက်ပန္ဒူနှင့် မြင်းလွှတ်ကြားရှိ ဂြင်းတောစခန်း တို့အား အာရက္ခတပ်တော်မှ ဇွန်လ ၃ ရက်နေ့ ညနေပိုင်း၌အပြီး သတ်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

 

၎င်းပြင် မြင်းလွှတ်နယ်ခြားစောင့်တပ်ဖွဲ့(ခွဲ) နခခ(၉)အား ဝိုင်းရံပိတ်ဆို့ထားကြောင်း ကျောက်ပန္ဒူ‌ ဒေသခံများထံမှ သိရသည်။

 

 "ကျောက်ပန္ဒူကျေးရွာအနီးက တောင်ကုန်းအပါအဝင် စခန်း ၃ ခုလုံးကိုသိမ်းလိုက်ပါပြီ။ ကျောက်ပန္ဒူ နဲ့ မြင်းလွှတ်ကြားက ဂြင်းတောစခန်းကိုပါ သိမ်းလိုက်တာ။ နခခ ၉  မြင်းလွှတ်ကိုတော့ ဝိုင်းထားတယ်လို့ သိရတယ်" ဟု ကျောက်ပန္ဒူ‌ ဒေသခံတစ်ဦးကပြောသည်။


စစ်ကောင်စီက ရေတပ်နှင့် လေတပ်ပါ ပူးပေါင်းတိုက်ခိုက်​နေသည့်ကြားက ၎င်းစစ်ကောင်စီ စခန်းများကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

 

မြင်းလွှတ် နယ်ခြားစောင့်တပ်ဖွဲ့(ခွဲ) နခခ(၉)စခန်းမှာ ယခင်မြင်းလွှတ် မွတ်ဆလင်ကျေးရွာဟောင်းများ နေရာ မြေဧက ၁၅၁ ဒသမ ၂ ဧကပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်ပြီး မောင်တော-အငူမော် ကားလမ်းဘေး ပင်လယ်ကမ်း‌‌ခြေဖက်တွင်တည်ရှိသည့်တပ်စခန်းတစ်ခုလည်း ဖြစ်သည်။

 

ထိုစခန်းအား ၂၀၂၃ ခုနှစ် စပိုင်းတွင် စတင်တည်ဆောက်ခဲ့တဲ့စခန်းတစ်ခု ဖြစ်ပြီးမောင်တောခရိုင်ရှိ နယ်ခြားစောင့် တပ်ဖွဲ့(ခွဲ)စခန်း(၁၀)ခုအနက် နောက်ဆုံးတည်ဆောက်ခဲ့တဲ့စခန်းတစ်ခုဖြစ်ကာ အင်အား ၃၀၀ ခန့်ရှိကြောင်း မြင်းလွတ်ဒေသခံတစ်ဦးကပြောဆိုသည်။

 

"ဂိတ်စခန်းရှိတဲ့ ကားလမ်းကနေ မြင်းလွှတ်စခန်းကြီးကိုရောက်ဖို့ နာရီဝက်လောက်ဆိုက်ကယ် စီးရတယ်။ အတွင်းထဲမှာ မြို့တစ်မြို့နီးပါးစည်ကားတယ်။ ကာရာအိုကေဆိုင်၊ စား‌ဆိုင်တွေရှိတယ်။ ပင်လယ်ပြင်မှာ ရပ်ထားတဲ့ နေဗီ က အရာရှိ‌ တွေလာပြီးအနားယူလေ့ရှိကြတယ်။ ပင်လယ်ပြင်ကို ကာရံထားတဲ့ ခြံစည်းရိုးအသစ်က ပေ ၂၀ လောက်မြင့်တယ်။ ကျောက်ပန္ဒူကမ်းခြေနီး အထိ ရှည်လျားတယ် "ဟုပြောဆိုသည်။

 

မောင်တောတောင်ပိုင်း ပျောက်ပန္ဒူအနီးတွင် တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီဘက်စစ်နေဗီ မှ လက်နက်ကြီများ လှမ်းပစ်နေသလို ဂျက်တိုက်လေယာဥ်များ၊ ထောက်ပို့ Y12 လေယာဥ်များ ဖြင့် နေ့ညမရွေး သွားရောက်ကာ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်နေမူ‌‌ ကြောင်း ဒေသခံများမှာ‌ ဘေးလွတ်ရာသို့ထွက်‌ ပြေးနေကြရသည်။

 

မောင်တော‌ ဒေသတိုက်ပွဲများ တစ်ပတ်‌ကျော် နီးပါးကြာ ရပ်တန့်နေခဲ့ရာမှ ဇွန်လ ၂ ရက်နေ့မှ စပြီး မောင်တောမြေက်ပိုင်းနှင့် တောင်ပိုင်း များ၌ တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။

 

လက်ရှိ တိုက်ပွဲများအတွင်း အေအေက စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်နေပြီး တစ်ခြားနေရာများတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ