ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ ဇွန် ၄ / ၂၀၂၄
ရခိုင်ပြည်၊စစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက်(ခေါ်) ဗျိုင်းဖြူရွာက ထောင်နှင့်ချီသည့်ရွာသူရွာသားများထဲမှယနေ့ဇွန်လ ၄ ရက်နောက်ဆုံးရရှိထားသော သတင်းများအရသတ်ဖြတ်ခံရသူ (၇၆)ဦးထိရှိလာကြောင်း အာရက္ခတပ်တော် (AA)က ထုတ်ပြန်သည်။
မေလ၂၉ ရက်နေ့မှ ၄ ရက်တာအတွင်း ရွာသား (၅၀)ကျော်သတ်ဖြတ်ခံ၇ကြောင်း ကနဦး သိရှိ၇သော်လည်းယနေ့ဇွန်လ ၄ ရက်နောက်ဆုံးရသတင်းများအရ သတ်ဖြတ်ခံ၇သူ (၇၆)ဦးထိ ရှိလာကြောင်း AA ထုတ်ပြန်ချက်ကဆိုသည်။
" ဗျိုင်းဖြူကျေးရွာမှထောင်ချီသောရွာသူရွာသားများထဲမှ (၅၀) ကျော်အား ဖက်ဆစ်စစ်ကောင်စီနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊စစ်ကောင်စီ၏ အကြမ်းဖက်စစ် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များမှ၂၀၂၄ ခုနှစ်၊ မေလ(၂၉) ရက်နေ့မှစတင်ပြီး လေးရက်အတွင်းသတ်ဖြတ်ခဲ့ ကြောင်း ကနဦး သိရှိခဲ့၇သော်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ(၄) ရက်နေ့နောက်ဆုံးရရှိထားသော သတင်းများအ၇ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်းမတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆) ဦးထိရှိလာခဲ့ပြီဖြစ်သည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရက္ခတပ်တော်AA အနေဖြင့်ဗျိုင်းဖြူရွာဖြစ်စဥ်နှင့်ပတ်သက်သော နောက်ဆက်တွဲ အချက်အလက် များကို ဆက်လက်စုံစမ်းပြီးအချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားမည်ဟုထုတ်ပြန်ထားသည်။
"မေလ ၂၉ ရက်နေ့တွင်စစ်ကောင်စီ စစ်တွေ အခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက်တပ်မ (၁၀၁) မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ ၇ခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်အချို့နှင့်စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များအစရှိသော အင်အား (၁၇၀) ကျော် ပါဝင်သော စစ်ကြောင်း တစ်ကြောင်းသည်အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာအား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး၎င်းရွာအတွင်းရှိ ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီးမကျန်တရွာလုံးရှိ ရွာသူ ရွာသားများအားလုံးကို ဖမ်းဆီးခဲ့သည်။ ထို့နောက်လက်ပြန်ကြိုးတုတ်ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာမပေးဘဲ ထားခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လက်နက်အားကိုးဖြင့်သတ်ဖြတ်ခြင်းတို့ကို တစ်ခုပြီးတစ်ခုရက်စက်စွာပြုလုပ်ခဲ့သည်" ဟုဇွန်လ ၂ ရက်နေ့က အာရက္ခတပ်တော်ကထုတ်ပြန်ထားသည်။
ထို့အပြင်ဖမ်းဆီးသူများထဲက အပြစ်မဲ့ အရပ်သားပြည်သူ (၅၀) ကျော်အား သတ်ဖြတ်ခြင်း၊အလောင်းဖျောက်ဖျက်ခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်ခြင်း၊ထောင်ချီသော ပြည်သူများအား ဓားစာခံများအဖြစ် ဆက်လက် ဖမ်းဆီးထားခြင်း၊တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့အား အတင်းအဓမ္မလုယုခြင်း၊လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ဖက်ဆစ်ဆန်ပြီးယုတ်မာ အပြုအမူများကို တစ်ခုပြီး တစ်ခုပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှုအကြီးအစားတစ်ခုကို ထပ်မံကျူးလွန်ခဲ့သည်ဟုဆိုသည်။
ဗျိုင်းဖြူရွာအဖြစ်အပျက်သည်အာရက္ခပြည်သူတစ်ရပ်လုံးအတွက် သမိုင်းတွင် မည်သည်အခါမျှမေ့ပျောက်၍ ၇နိုင်လိမ့်မည်မဟုတ်သော ဖက်ဆစ်စစ်ကောင်စီ၏ ယုတ်မာသည့်လုပ်ရပ်တစ်ခုအဖြစ် ကျန်ရစ်နေမည်မှာ အသေအချာပင်ဖြစ်သည်ဟု ဆိုသည်။
ဗျိုင်းဖြူရွာဖြစ်စဉ်တွင်အပြစ်မဲ့ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်သူရန် ညွှန်ကြားအမိန့်ပေးစေခိုင်းသူများနှင့် ညွှန်ကြားချက်အားလိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့်ပါဝင်ပတ်သက်ခဲ့သောသူများ အားလုံးကို ပြင်းထန်စွာ လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ကြေညာထားသည်။