စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ဗျိုင်းဖြူရွာတွင် သေနတ်လုရန်ကြိုးစားရာမှ လူ ၃ ဦးကို ပစ်သတ်ခဲ့ရဟု စစ်ကောင်စီပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

နိရဉ္စရာ၊ ဇွန် ၄/၂၀၂၄

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် သေနတ်လုရန်ကြိုးစားရာမှ လူ ၃ ဦးကို ပစ်သတ်ခဲ့ရဟု အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများမှတဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဇွန်လ ၃ ရက်တွင်ထိုသို့ ပြောဆိုလာခြင်း ဖြစ်သည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဗျိုင်းဖြူရွာသားမဟုတ်တဲ့ ရွာသားသုံးဦး၊ ရွာသားမဟုတ်တာတော့ သေချာတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သေနတ်ကို လုယူပြီး ရန်ပြုဖို့ကြိုးစားတယ်။ ဒါကြောင့်မလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်တဲ့အချိန်မှာ သေနတ်လုတဲ့ အမျိုးသားသုံးဦးသေဆုံးသွားတာ ရှိတယ်။ အဲ့ဒီအထဲမှာ မသင်္ကာတဲ့ လူ ၂၀ လောက်ကို ခေါ်ယူ ထိန်းသိမ်းပြီးတော့ကျ စစ်ဆေးလျက်ရှိတယ်။ အဲ့ဒီအထဲမှာပါတဲ့ အေအေရဲ့ ယုတ်မာကောက်ကျစ်တဲ့ ဝါဒဖြန့်မှုတွေဖြစ်တဲ့ ၄၀ လောက်သေဆုံးတယ်တို့၊ ပြီးရင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ် ဆိုတဲ့ ကိစ္စမျိုး ဖြစ်ပျက်သွားတာ မရှိပါဘူး” ဟု ပြောသည်။

 

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာဒေသခံများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဆိုသည်မှာ အာရက္ခတပ်တော်(AA)၏ ယုတ်မာကောက်ကျစ်သောဝါဒဖြန့်မှုဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 



စစ်တွေမြို့နယ်၊ ကံပြင်ရွာသစ်/ရွာဟောင်း၊ ဗျိုင်းဖြူကျေးရွာတို့တွင် အေအေတပ်သားများ ခိုအောင်းကာ စစ်တွေမြို့ကို ဒရုန်းများဖြင့် ဒရော့ဗုံးလာချခြင်း၊ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခြင်းများကို ယခင်ကတည်းက ဆောင်ရွက်နေကြောင်း၊ အဆိုပါကျေးရွာများကို အေအေ ရောက်ရှိနေသည်ဟု ဒေသခံများ၏မြေပြင် သတင်းပေးချက်အရ မေလကုန်လောက်မှာ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ( ULA) ၏ ယနေ့ဇွန်လ ၄ ရက် ထုတ်ပြန်ချက်တွင် ရခိုင်ပြည်၊ စစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက်(ခေါ်) ဗျိုင်းဖြူရွာက ထောင်နှင့်ချီသည့်ရွာသူရွာသားများ အထဲမှ သတ်ဖြတ်ခံရသူ (၇၆)ဦးထိရှိလာကြောင်း ဖော်ပြထားသည်။

မေလ ၂၉ ရက်နေ့မှ ၄ ရက်တာအတွင်း ရွာသား (၅၀)ကျော်သတ်ဖြတ်ခံရကြောင်း ကနဦး သိရှိရသော်လည်း ယနေ့ဇွန်လ ၄ ရက်နောက်ဆုံးရသတင်းများအရ သတ်ဖြတ်ခံရသူ (၇၆)ဦးထိ ရှိလာကြောင်း AA ထုတ်ပြန်ချက်ကဆိုသည်။

" ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများထဲမှ (၅၀) ကျော်အား ဖက်ဆစ် စစ်ကောင်စီနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက်စစ် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်၊ မေလ(၂၉) ရက်နေ့မှစတင်ပြီး လေးရက်အတွင်း သတ်ဖြတ်ခဲ့ ကြောင်း ကနဦး သိရှိခဲ့ရသော်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆) ဦးထိ ရှိလာခဲ့ပြီဖြစ်သည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ

-
  • Web Master
  • ၀၃ စက်တင်ဘာ ၂၀၂၄
-