ကြာသပတေး၊ ဇွန်လ ၂၇ရက်၊ ၂၀၂၄

ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက်လူသတ်မှုကျူးလွန်သည့် အကြမ်းဖက်စစ်ကောင်စီကို ULA အပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများက အရေးယူဆောင်ရွက်ပေးရန် အာရက္ခအမျိုးသားကွန်ရက်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 524

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၅/၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဗျိုင်းဖြူကျေးရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တရားမျှတမှုရရှိစေရေးနှင့် ကျူးလွန်သည့် အကြမ်းဖက် စစ်ကောင်စီကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများကပါ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသား ကွန်ရက်က ယမန်နေ့ ဇွန်လ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ယခုကဲ့သို့ ဗျိုင်းဖြူရွာသားများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုသည် အကြမ်းဖက် စစ်ကောင်စီ၏ လူမျိုးရေးအမုန်းတရားကိုအခြေပြုပြီး ရည်ရွယ်ချက်ရှိရှိ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်သည်အထိ ကျူးလွန်လုပ်ဆောင်ခဲ့ခြင်းကိုတွေ့ရှိရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

"ရခိုင်ပြည်သူများနှင့် ဆုံးရှုံးနစ်နာသူများအတွက် တရားမျှတမှုရရှိစေရန် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများတွင် တာဝန်ရှိသူများ၊ ကျူးလွန်သူများနှင့် ပါဝင်ပတ်သက်သူအားလုံးကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ထိရောက်ပြတ်သားစွာ အရေးယူနှိမ်နှင်းပေးရန် တောင်းဆိုအပ်ပါသည်။ ထို့အပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းများ၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့အရပ်သားများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ဝိုင်းဝန်းတားဆီးကာ အရေးယူ ဆောင်ရွက်ပေးကြပါရန် ရက္ခိုင်ပြည်သူလူထုကိုယ်စား မိမိတို့ ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသား ကွန်ရက် (WUAN)က လေးနက်စွာ တိုက်တွန်းတောင်းဆိုရင်း ဤကြေညာချက်အား ထုတ်ပြန်ကြေညာအပ်ပါသည်"ဟု ဖော်ပြထားသည်။ ဒ



ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမဏီ၊ ကိုရီးယား၊ နော်ဝေ၊ နယ်သာလန်၊ ဆွိဒင်၊ ဂျပန်၊ နယူးဇီလန်နှင့် အမေရိကန်စသည့် နိုင်ငံများပါဝင်သည်။

မေလ ၂၉ ရက်နေ့တွင် စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ် အင်အားများ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း မွတ်ဆလင်တပ်ဖွဲ့ဝင်များ အစရှိသော အင်အား (၁၇၀) ကျော် ပါဝင်သော စစ်ကြောင်း တစ်ကြောင်းသည် အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာအား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ပြီး ၎င်းရွာအတွင်းရှိ ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီးမကျန် တရွာလုံးရှိ ရွာသူ ရွာသားများအားလုံးကို ဖမ်းဆီးခဲ့သည်ဟု အာရက္ခတပ်တော်(AA)က ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ 

ထို့နောက် ရွာသားများကို လက်ပြန်ကြိုးတုတ်ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာမပေးဘဲထားခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို တစ်ခုပြီးတစ်ခု ရက်စက်စွာပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ဖမ်းဆီးသူများထဲမှ ဇွန်လ ၄ ရက်အထိစာရင်းအရ အပြစ်မဲ့ အရပ်သားပြည်သူ (၇၆)ဦးအား သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်ခြင်း၊ ထောင်ချီသော ပြည်သူများအား ဓားစာခံများအဖြစ် ဆက်လက် ဖမ်းဆီးထားခြင်း၊ တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့အား အတင်းအဓမ္မလုယုခြင်း၊ လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ဖက်ဆစ်ဆန်ပြီး ယုတ်မာ အပြုအမူများကို တစ်ခုပြီး တစ်ခုပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှု အကြီးအစားတစ်ခုကို ထပ်မံကျူးလွန်ခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်က ဆိုသည်။



ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်သူရန် ညွှန်ကြား အမိန့်ပေးစေခိုင်းသူများနှင့် ညွှန်ကြားချက်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သောသူများ အားလုံးကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ကြေညာထားသည်။

အလားတူ ဗြိတိန်သံရုံးကလည်း စစ်တွေမြို့တွင် လူမဆန်သည့် သတ်ဖြတ်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မိသားစုဝင်များအတွက် သတိရဆုတောင်းပေးနေပြီး မြန်မာနိုင်ငံအတွင်း ပိုမိုများပြားလာသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် စပ်လျဥ်းသော သတင်းအစီရင်ခံစာများကို ကြားသိရသည့်အတွက် ဗြိတိန်အစိုးရအနေဖြင့် အလွန်အမင်းစိတ်မကောင်းဖြစ်မိသည်ဟု ယမန်နေ့ ဇွန်လ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းနေ့က ဗျိုင်းဖြူရွာတွင် လုံခြုံရေး ဆောင်ရွက်နေသူတို့ထံမှ ရွာသား ၃ ဦး သေနတ်လုရန်ကြိုးစားရာမှ​ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ သေဆုံးမှုဖြစ်ပေါ် ခဲ့ခြင်းသာဖြစ်သည်ဟု ဇွန်လ ၃ ရက်တွင် အခြေအမြစ်မရှိ ပြောဆိုထားသည်။

ဆက်စပ် သတင်းများ