သောကြာ၊ ဇွန်လ ၂၁ရက်၊ ၂၀၂၄

သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီမှ ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲ၍ ကလေးမိခင်တစ်ဦးနှင့် ကျောင်းဆရာတစ်ဦးသေဆုံးပြီး အများပြားဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 658

(သေဆုံးသူများပြားကြောင်း သတင်းများထွက်ပေါ်နေ)'

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၅ ရက်/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်မဖြစ်ပဲ စစ်ကောင်စီမှ ရုတ်တရက် ၂ ရက်ဆက်တိုက် နေ့ရောညပါ လေယာဉ်ဖြင့် ဗုံးကြဲခဲ့၍ ကလေးမိခင်တစ်ဦးနှင့် ကျောင်းဆရာမ တစ်ဦးသေဆုံးပြီး ၉ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။ 

ဒေသခံအမျိုးသားတစ်ဦးက “ သေဆုံးတာ မဟေမာန်ဦး အပြင် နောက်ထပ် ကျောင်းဆရာမ တစ်ဦး သေပါတယ်။ သပြုချိုင်ရွာကနေ  ဆင်ခေါင်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမပါ။  အတည်ပြုလို့ရ ပါတယ်။ ဗုံးကြဲတော့ လူ၁၅ယောက်လောက် သေဆုံးသွားတယ်လို့သိရတယ်။ သွားလို့လာလို့ မရသေးပါဘူး။ ရွာကပျက်စီးသွားပါတယ်။ အခုလည်း ကောင်းကင်မှာY12 လေယာဉ်တွေ ဝဲပျံနေဆဲပါ” ဟု ပြောသည်။

သေဆုံးသူအမျိုးသမီး ၂ ဦး အနက် အသက် (၂၇) နှစ် ဝန်းကျင်အရွယ် မဟေမာန်ဦမှာ ဆင်ခေါင်း ကျေးရွာ မော်ဖျားပိုင်းမှ ကလေးမိခင်တစ်ဦး ဖြစ်ပြီး အသက် ၁နှစ်ခွဲအရွယ် နို့စို့ ကလေးငယ် တဦးနှင့် အသက် ၄နှစ်အရွယ် ကလေးငယ်တဦး ကျန်ရစ်ခဲ့ကြောင်းသိရသည်။

မဟေမာန်ဦးမှာ ဦးခေါင်းကို ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးသူ ၁၅ ဦး ရှိကြောင်း၊ ယခုအချိန်ထိ မမြုပ်နှံရသေးကြောင်း၊   ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ကျော်ရှိကြောင်း ဒေသခံသတင်းအရင်အမြစ်မှ နိရဉ္စရာ သို့အတည်ပြုထားသည်။

ထိုသို့ လူများသေဆုံး ဒဏ်ရာရကြသဖြင့် ကျေးရွာသားများမှာ  ထိတ်လန့်စိုးရိမ်ပြီး ရွာကို စွန့်ခွာ ထွက်ပြေးနေကြသည်ဟု သိရသည်။


ဒေသခံသတင်းအရင်အမြစ်တစ်ဦးက “ဖြစ်စဉ်က သတင်းပေးက မဟုတ်မမှန်  သတင်း လှမ်းပို့တယ်လို့ ယူဆလို့ရပါတယ်။ ပထမ ဗုံးကြဲတဲ့ တစ်လုံးမှာတော့  မနက်ပိုင်းအဲဒီမှာ ကျွန်တော် ရှိနေတုန်းပါ။ အတိအကျ အမျိုးသမီး နှစ်ယောက်သေတယ်။ ၉ယောက်လောက်ဒဏ်ရာရတယ်။ ဒီမနက်အထိ ဗုံးကျသေးတယ်။ အသေအပျောက်တော့မသိရသေးဘူး။ ရွာက ရွာလို့သာပြောတယ် သံတွဲမြို့လောက် ရှိတယ် လူဦးရေက” ဟု  ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာသည် သံတွဲ ငါးဖမ်းဇုန်တွင်ပါဝင်ပြီး အနယ်နယ်အရပ်ရပ်ရှိ ရေလုပ်သားများ နေထိုင်ကြကာ လူဦးရေ ၇၀၀၀ နီးပါးနေထိုင်သော ကျေးရွာကြီးဖြစ်ပြီး သံတွဲမြို့နှင့် ၇ မိုင်ခန့်ကွာဝေးကြောင်းသိရသည်။

သံတွဲမြို့ ဆင်ခေါင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိစစ်ကောင်စီမှ  ‌ဇွန်လ (၄)ရက်နှင့် ၅ ရက်တို့တွင် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆင်ခေါင်းရွာ မော်ဖျားအပိုင်း အပါအဝင်တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီး ယခုလို လူသေဆုံးခဲ့ခြင်းဖြစ်သည်။

‌ဇွန်လ ၄ ရက် ညပိုင်းနှင့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းအထိ ဗုံးကြဲမှုများကြောင့် သေဆုံးဒဏ်ရာရသူ များပြားနိုင်ပြီး ဗုံးကြဲမှုများကြောင့် ဆင်ခေါင်းကျေးရွာ တစ်ရွာလုံးနီးပါ ပျက်စီးသွားခဲ့ပြီး အလောင်းပင် မကောက်နိုင်ဘဲ ထွက်ပြေးရသည်ဟုဒေသခံ တစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက “အခုမနက်ပိုင်း တိုက်လေယာဉ် y 12 လေယာဉ်တွေနဲ့ ဗုံကြဲနေတယ်။ ပေါင်းငါးရာ ဗုံးတွေ ဗုံးကြဲ နေတယ်။ မော်ဖျား ပိုင်းဆင်ခေါင်းဆလီကုန်းပိုင်း၊ဆင်ခေါင်းရွာစာသင် ကျောင်း အကုန် ပျက်စီးသွားပြီ။ ဆင်ခေါင်းဓမ္မာရုံပေါ်ကို လက်နက်ကြီးကျတယ်။ ဗုံးနဲ့လက်နက်ကြီးတွေနဲ့ ပလူပျံအောင် ပစ်ခတ်ချိန်မှာ ဘယ်လောက်အထိပျက်စီးပြီး လူဘယ်နှစ်ယောက်ထပ်မံသေဆုံးဒဏ်ရာရ ကိုတော့ ဘယ်လိုမှ အတည်ပြုလို့သေးပါ။ လူနေထူထပ်တဲ့ ရွာဖြစ်တာမို့လို့ အပျက်အစီး အလွန် များနိုင်တယ်။ လမ်းတလျောက် ထွက်ပြေးလာရသူတွေ ထောင်ချီရှိနေတယ်။ ဆင်ခေါင်းရွာ အနားက ညောင်ခြေထောက်ရွာသား အချို့ပါထွက်ပြေးရတယ်။ ပေါင် ၅၀၀ဗုံးကို သုံးပြုနေတော့ အပျက်အစီး အလွန်များနိုင်တယ်။ အခုအချိန်အထိ Y12လေယဉ်ဖြင့်ဗုံးဆက်ကျဲနေတယ်” ဟု ဒေသခံတဦးမှ ပြောသည်။

ဆင်ခေါင်းကျေးရွာတွင် ဇွန်လ ၅ရက်နေ့နံနက်အထိ သေဆုံးသူ ၁၅  ဦးအထိရှိလာကြောင်း သတင်းများထွက်ပေါ်နေသော်လည်းနိရဉ္စရာ အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီသည် ယနေ့ နံနက်ပိုင်းတွင် ဆင်ခေါင်းရွာ ကိုဆက်လက်ပြီး နေဗီမှ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲခြင်းကြောင့် နေအိမ်အများစု ထိခိုက်ပျက်စီးပြီး၊ ဒေသခံများသည် အနီးဝန်းကျင် ဘေးလွတ်ရာကျေးရွာများသို့ တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း သိရသည်။

သံတွဲမြို့ နယ်၊ ငပလီမြို့ အနီးတွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် သံတွဲဆင်ခေါင်ကို စစ်ကောင်စီက လူနေထူထပ်သည့် ဆင်ခေါင်းရွာကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံများသည် မြို့တောင်ကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာ၊ သဗြုချိုင်ရွာ၊ ကင်းမော်ရွာ၊ တောင်ကုတ်မြို့နှင့် သံတွဲမြို့များသို့ ထွက်ပြေးကြရကြောင်းသိရသည်။

ဆက်စပ် သတင်းများ