တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

သံတွဲ သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် အနီးအနားဒေသများကို AA သိမ်းပိုက် ထိန်းချုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇွန် ၅ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်ထဲက သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် အနီးအနားဒေသများကို အာရက္ခတပ်တော်(AA) က သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီဟု  ဒေသခံများက ပြောသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်က မေလအတွင်း သူဌေးရေအားလျှပ်စစ်အနီးဝန်းကျင် ဒေါ်မြ၊ ပုရစ်၊ ရေကောက်၊ ရွှေလှေ၊ ကျောင်းကုန်း၊ ဆူးပုတ်ကုန်း၊ လင်းသီကျေးရွာများတွင် စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းများ၊ အထိုင်စွဲထားသည့်တပ်များကို အာရက္ခတပ်တော်က အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် လက်ရှိ အချိန်တွင် အဆိုပါ​ဒေသများကို AA က ထိန်းချုပ်ထားနိုင်ပြီဟု စစ်ရေးအခြေအနေကို သိရှိသည့်ဒေသခံတစ်ဦးကပြောသည်။

" ရေအားစီမံကိန်းနဲ့ အနီးဝန်းကျင်တွေမှာ စစ်တပ်တွေမရှိတော့ဘူး။ ရေအားထဲမှာလည်း မရှိတော့ဘူးလို့ ကြားတယ်။ တိုက်ပွဲက အတော်ပြင်းထန်ဖြစ်ခဲ့တာ။ စစ်ကောင်စီဘက်က အကျဆုံး များခဲ့တယ်။ အကျဆုံးများပြီး စစ်တပ်ကဆုတ်ခွာထွက်ပြေးသွားတာ။ တချို့တပ်တွေဆိုရင် ရိုးတောင်ကိုကျော်ပြီးထွက်ပြေးတယ်လို့သိရတယ်။ လက်ရှိမှာတော့ AA က ထိန်းချုပ်ထားနိုင်ပြီပေါ့" ဟု သူကပြောသည်။

အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း သူဌေးရေအားလျှပ်စစ်ဘက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှာ မုန်တိုင်းနှင့် မိုးရွာနေချိန် ရာသီဥတုအကာကွယ်ယူကာ ဆုတ်ခွာထွက်ပြေးသွားပြီဟု ဇွန်လ ၃ ရက်က VOA သတင်းဌာနနှင့် သီးသန့်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

"ရခိုင်ရဲ့အလယ်ပိုင်းပေါ့။ အမ်းဌာနချုပ်ဘက်နားမှာတော့ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားလို့ရှိနေတယ်။ ပြီးရင် သံတွဲဘက်မှာလည်းပဲ သူဌေးချောင်းရေအားလျှပ်စစ်ဘက်မှာ နေရာယူထားတဲ့ စကစ တပ်တွေကတော့ လေမုန်တိုင်းမိုးရွာနေတဲ့အချိန်တွေမှာ ရာသီဥတုအကာကွယ်ကိုယူပြီးမှ ဆုတ်ခွာ ထွက်ပြေးသွားတာရှိပါတယ်" ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုခဲ့သည်။

အဆိုပါသူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲများဖြစ်နေသည့်ကာလအတွင်း စစ်ကောင်စီလေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးကြောင့် ဒေသခံ အရပ်သား အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့ကာ နေအိမ်ဆယ်နှင့်ချီ လက်နက်ကြီးကျမီးလောင်ပျက်စီးမှုများရှိခဲ့သည်။

လက်ရှိတွင် အာရက္ခတပ်တော်၏ ထိုးစစ်မှာ သံတွဲမြို့နယ်၊ငပလီမြို့ ခမရ (၅၆၆)တပ်ရင်းနားထိ နီးကပ်လာပြီး ဇွန်လ ၃ ရက်မှစ၍ ငပလီမြို့၊ ဂေါ့ရပ်ကွက်အနီး အာရက္ခတပ်တော်နှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှု၊ နေဗီနှင့်တပ်ရင်းများက လက်နက်ကြီးပစ်ခတ်၍ AA ၏ထိုးစစ်ကို အပြင်းအထန်ခုခံနေကြောင်း သံတွဲဒေသခံများကပြောသည်။

တိုက်ပွဲဖြစ်ရာ ဂေါ့ရပ်ကွက်နှင့် ရေမိုင်တစ်မိုင်ခန့်လောက်ဝေးသည့် ဆင်ခေါင်းကျေးရွာကို ယမန်နေ့ဇွန်လ ၄ ရက်မွန်းလွဲပိုင်းနှင့် ညဥ့်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ဒေသခံ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နေ့ရောညပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆင်ခေါင်းငါးဖမ်းဇုန်အပါအဝင် ၄င်းနှင့်ထိစပ်နေသည့် ကျေးရွာများမှထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးနေကြရကြောင်းသိရသည်။

ယနေ့မနက် ၇ နာရီခန့်က ဆင်ခေါင်းကျေးရွာဒေသခံအမျိုးသမီးငယ်တစ်ဦးနှင့် နိရဥ္စရာက အဆက်သွယ်ခေတ္တရရှိခဲ့ရာ သူမက " ညီမတို့တွေ တစ်ရွာလုံးထွက်ပြေးနေရတယ်။ နေ့ရောညပါ ဗုံးကြဲလို့။ ရွာမှာသေတဲ့သူလည်းရှိတယ်။ အိမ်တွေအဆောက်အအုံတွေလည်း ပျက်စီးတယ်။ ဒဏ်ရာ ရသူတွေလည်းရှိတယ်" ဟု သူမကပြောသည်။

ဆက်စပ် သတင်းများ