တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

မောင်တောမြို့နယ် ငွေတောင်တိုက်ပွဲအတွင်းက တပ်ဆုတ်ထွက်ပြေးသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၅ ဦးကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

သင်ဇာနွယ်၊ နိရဉ္စရာ- ဇွန် ၅၊ ၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ် ငွေတောင်ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းမှ  တပ်ဆုတ်ထွက်ပြေးသွားသည့်  မြန်မာ စစ်ကောင်စီ စစ်ကြောင်းသည်  ဒေသခံ ၅ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ မောင်တောမြို့နယ်သာယာကုန်း ရခိုင်ရွာမှ ဦးလှမောင်သန်း၊ ဦးလှထွန်း၊ ဦးထွန်းနုစိန်နှင့် မကျည်းကုန်းရွာမှ ဦးဒူရီးနှင့် ဦးလှသန်းတို့ ဖြစ်ကြောင်း သိရသည်။  

၎င်း ၅ဦးကို ဇွန်လ ၃ ရက်နေ့  ညနေပိုင်းက ငွေတောင်ရွာအနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းမှ တပ်ဆုတ်ထွက်ပြေးလာသည့်  စစ်ကောင်စီ စစ်ကြောင်းက လမ်းတွင်တွေ့ရှိသည့်  အမျိုးသား ၅ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ် မရသေးကြောင်း မောင်တောဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" သူတို့က နခခ၅ ကစစ်သား တွေကငွေတောင်အနားကို စစ်ကောင်စီစစ်ကြောင်းထွက်လာရင်း တိုက်ပွဲ စဖြစ်ကြတာ။ အာရက္ခတပ်တော်ရဲ့တိုက်က်ခိုက်မှုကို မခံနိုင်လို့ တပ်ဆုတ်ရင်း လမ်းမှာတွေ့တဲ့ လူတွေကို ဖမ်းခေါ်သွားတာ ၅ ယောက်ပါသွားတယ် " ဟုပြောသည်။

တပ်ဆုတ် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား များမှာ အင်အား ၈၀ ကျော်ခန့်ရှိပြီး  ရွာသား များအား မည်သည့်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းမသိသေးကြောင်း ၎င်းကပြောသည်။

" တပ်ဆုတ်ထွက်ပြေးတာ အတိကျခန့်မှန်းလို့မရပေမယ့် အင်အားကည ၈၀ ကျော် ၉၀ လောက်ရှိမယ်။ ဖမ်းဆီးသွားတဲ့သူကိုတော့ ဘယ်ကိုခေါ်တာလဲမသိရသေးဘူး" ဟုပြောသည်။

မောင်တော ၄ မိုင်သီဟိုလ်ခြံနှင့် ငွေတောင်အနီးတွင်လည်း  ဇွန်လ ၄ ရက်ယနေ့  နံနက် ၈ နာရီမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ကျေးရွာ ၆ ရွာမှ‌ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း‌ ရှောင်သွားခဲ့ကြရကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်အထိ ( ၆ ) လတာကာလအတွင်း ရခိုင်တွင် အမျိုးသား ၃၄၆ ဦး နှင့် အမျိုးသမီး ၇၉ ဦး စုစုပေါင်း အရပ်သား ၄၂၅ ဦး ဖမ်းဆီး ခံထားရပြီး ဖမ်းဆီးခံရသူများအနက် မွတ်ဆလင် ၃၉ ဦး နှင့် ရခိုင်လူမျိုး ၃၈၆ ဦးတို့ပါဝင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)မှ မေလ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ 

ဆက်စပ် သတင်းများ