Preview

ပုဏ္ဏားကျွန်းတွင် ဟွန်ဒါစက်လှေနှစ်စီးတိုက်မိ၍ စစ်ရှောင်သွားသည့် အသက် ၁၂ နှစ်အရွယ် မိန်းခလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး ရေနစ်သေဆုံး

ဇွန် ၀၅/ ၂၀၂၄ | ကြည့်ရှုသူ :2870
ရခိုင် သတင်း

နှင်းနွယ်နီ၊နိရဥ္စရာ၊ ဇွန် ၅/၂၀၂၄

၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးချောင်းမြစ်တွင် ဇွန်လ ၄ရက်နေ့ ညနေက ဟွန်ဒါ စက်လှေနှစ်စီး တိုက်မိ၍ စစ်ဘေးရှောင်ရန် သွားကြသည့် အသက် ၁၂ နှစ်အရွယ် မိန်းခလေး တစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးရေနစ်မြုပ် သေဆုံးသွားကြောင်း သိ၇သည်။

သေဆုံးသွားသူ နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာ၊ချောင်းဖျားစုရပ်ကွက်မှ ဒေါ်သိန်းနုအေး (၃၂) နှစ်နှင့် သူမ၏ အစ်မဖြစ်သူ၏ သမီး  မအေးငြိမ်းစံ (၁၂) နှစ်တို့ဖြစ်ကြကြောင်း သိ၇သည်။

ယမန်နေ့ ဇွန်လ ၄ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်ကပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာမှ ကလေးငယ်များအပါအဝင် လူ ရ ဦးပါသောဟွန်ဒါစက်လှေတစ်စီးသည် ယိုးချောင်းမြစ်ကြောင်း အတိုင်း ဘဲခိုးကျေးရွာသို့ စစ်ဘေးရှောင်ရန်အသွားတွင်သားပုံကျေးရွာအလွန်၌ ဝက်ဖြူပြင် ချောင်းကြောင်းမှ ထွက်ခွာသော ဟွန်ဒါစက်လှေနှင့်တိုက်မိ၍ နစ်မြုပ်ခဲ့ရာမှ အမျိုးသမီး နှစ်ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း ယိုးတရုပ်ကျေးရွာသား တစ်ဦးက ပြောသည်။

“သူတို့က မနေ့က နေ့လယ်တုန်းက ယိုးတရုပ်မှာ ဂျက်လေယာဉ် ဝဲခဲ့လို့ အရင်နေ့တွေတုန်းကလို လေယာဥ်နဲ့ လာပစ်မှာစိုးလို့ဘဲခိုးရွာကို စစ်ဘေးရှောင်ဖို့ သွားကြတာ။သားပုံရွာအလွန်မှာ ချောင်းကြောင်းက ထွက်လာတဲ့ ဟွန်ဒါက အရှိန်နဲ့ကွေ့လိုက်တော့ဘေးချင်းကပ် တိုက်မိသွားတာ။ အဲဒီမှာ ရေဝင်ပြီး မြုပ်သွားတာ” ဟုပြောသည်။

ရေဝင်၍ ဟွန်ဒါနစ်မြုပ်ချိန်တွင် ဒေါ်သိန်းနုအေးသည် သူမ၏ သမီးနှစ်ဦးကိုကယ်တင်နိုင်ခဲ့သော်လည်း သူမအစ်မ၏ သမီးကို ကယ်ဆယ်ရာတွင် မကယ်နိုင်လိုက်ဘဲနှစ်ဦးလုံးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားနောက်တစ်ဦးကထပ်မံပြောကြားသည်။

“သေသွားတဲ့ ဒေါ်သိန်းနုအေးမှာ ကလေးနှစ်ယောက်ကျန်ခဲ့တယ်။တူတူသေသွားတဲ့ကလေးမက သူ့အမရဲ့ သမီး။ လိုက်ဆယ်ရင်း သူ့အမ သမီးက လိုက်ဖက်လိုက်လို့သေသွားပုံရတယ်။ အလောင်းက ရေဆွဲအားနဲ့ဆိုတော့ အာထောက်ပိုက်မှာ ကျနေတယ်။ချက်ချင်းရှာတော့ နှစ်ယောက်သား ဖက်ပြီးတော့တွေ့တာ” ဟုပြောသည်။

အဆိုပါသေဆုံးသူ နှစ်ဦးကို ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ယိုးတရုပ်သင်္ချိုင်းတွင် မြေမြုပ် သင်္ဂြိုဟ်လိုက်ကြောင်း သိ၇သည်။

#ပုဏ္ဏားကျွန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.