Preview

မောင်တောတောင်ပိုင်းမှ လက်ကျန်စခန်းများအထဲမှ အင်းဒင်နှင့် မြင်းလွှတ်နယ်ခြားစောင့် စခန်းကြီး ၂ ခုကို AA မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်

ဇွန် ၀၅/ ၂၀၂၄ | ကြည့်ရှုသူ :2154
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၅ ရက်/၂၀၂၄

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင်ကျန်ရှိနေသေးသည့် စစ်ကောင်စီ နယ်ခြားစောင့် စခန်းကြီး (၄) ခုအထဲက နခခ(၆) အင်းဒင်စခန်းကြီးနှင့် နခခ(၉) မြင်းလွှတ် စခန်းကြီးများအား အာရက္ခတပ်တော် (AA) မှ ဇွန်လ ၅ ရက် နံနက်မှ စတင်ပြီး ဒရုန်းများဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေကြကြောင်း သတင်းရရှိသည်။

AA နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက  "အေအေ ဖက်က ကျောက်ပန္ဒူစခန်းတွေကို သိမ်းပြီးတာနဲ့ ဒီနေ့ မနက်မှာ နခခ(၆) အင်းဒင်စခန်းကြီးနဲ့ နခခ(၉) မြင်းလွှတ်စခန်းကြီးတွေကို ဒရုန်းတွေနဲ့ စတိုက် နေကြတယ်။ပင်လယ်ပြင်က စစ်ကောင်စီ နေဗီတွေကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်နေတယ်။ လေယာဉ်လာတာတော့ မရှိသေးဘူး။ အင်းဒင်က ရွာသူရွာသားတွေကတော့ ထွက်ပြေး နေကြရတယ်။ မြင်းလွှတ်မှာတော့ ရွာတွေမရှိတောဘူး " ဟု ပြောကြားသည်။

မောင်တောမြို့နယ်တောင်ပိုင်းတွင်အင်းဒင်၊ မြင်းလွှတ်၊ အလယ်သံကျော်နှင့် မော၇၀တီဗျူဟာများ ကျန်ရှိနေသေးပြီး ၎င်းစခန်းများအထဲမှ မောင်တော- အငူမော်သွားလမ်းပေါ်တွင် အင်းဒင်နှင့် မြင်းလွှတ် နယ်ခြားစောင့် ဌာနချုပ် စခန်းကြီးများကို အေအေကစတင်တိုက်ခိုက်လာခြင်းဖြစ်သည်။

အင်းဒင် နခခ (၆) တွင် စစ်သည်အင်အား၆၀၀ ခန့်ရှိပြီး မြင်းလွှတ်တွင် အင်အား ၃၀၀ ခန့် ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။

“ ယခင်က အင်ဒင်က နယ်မြေစခန်းငယ်တစ်ခုသာဖြစ်ပါတယ်။  ၂၀၁၇ ခုနှစ်အကြမ်းဖက်မှု  ဖြစ်စဥ် အပြီးမှာ အင်အားတိုးချဲ့ထားတဲ့ စခန်းဖြစ်ပါတယ်။ အင်အား ၆၀၀ ခန့်ရှိပါတယ်။   မြင်းလွှတ် နယ်ခြားစောင့်တပ်ဖွဲ့(ခွဲ)နခခ(၉)စခန်းလည်း  မြင်းလွှတ် မွတ်ဆလင်ကျေးရွာဟောင်း မြေနေရာ မောင်တော- အငူမော်ကားလမ်းပင်လယ်ဘက်ခြမ်းမှာ  တည်ဆောက်ထားတာပါ။ အနည်းဆုံးအင်အား ၃၀၀ ကျော်ခန့် ရှိမယ် ခန့်မှန်းထားပါတယ်” ဟု ပြောဆိုသည်။ 

ပြီးခဲ့တဲ့ မေလ ၄ ရက် နေ့၌ အာရက္ခတပ်တော် AA မှ အင်းဒင်စစ်ဆေးရေးနယ်မြေ စခန်းငယ်အား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးအနားရှိ အောင်သုခကျေးရွ(ရခိုင်)နှင့် ဟိန္ဒူများမှာ ထွက်ပြေး တိမ်ရှောင်နေခဲ့ကြ၇ကြောင်း ဒေသခံတွေကပြောဆိုသည်။

"မေလအစကတဲ့က အင်းဒင်စခန်းငယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ နယ်ခြားစောင့်တွေနခခ(၆)နဲ့ ကျောက်ပန္ဒူဖက်ကိုထွက်ပြေးခဲ့ကြရတယ်။အောင်သုခရွာနဲ့ ဟိန္ဒူတွေပါ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြ၇တယ်" ဟု  ပြောဆိုသည်။

ထိုသို့ မောင်တော-အငူမော်ကားလမ်း ပေါ်ရှိနယ်ခြားစောင့်တပ်ဖွဲ့ခွဲများဖြစ်ကြတဲ့ နခခ(၆) အင်းဒင် စခန်းကြီး နှင့် နခခ(၉)မြင်းလွှတ်စခန်းကြီးများအား အာရက္ခတပ်တော် မှ ဒရုန်းများဖြင့် ထိုးစစ်ဆင် ဗုံးချနေသဖြင့် စစ်ကောင်စီတပ်များ အထိနာလာ၍ ပင်လယ်ပြင်ရှိ နေဗီများကလည်း ထိုကမ်းခြေ တစ်လျှောက်ရှိ ကျေးရွာများအား လက်နက်ကြီးများ ဆက်တိုင်း ပစ်ခတ်လျှက်  ရှိနေကြောင်း ဒေသခံများထံမှသိ၇သည်။

တိုက်ပွဲပြင်းထန်လာနေမူ နှင့် နေဗီများမှ လက်နက်ကြီးများဖြင့် ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများအား အဆက်မပြတ်ပစ်ခတ်နေမူကြောင့် မောင်တောမြို့နယ် တောင်ဖက်ရှိ အင်းဒင်(ရခိုင်)၊ ပဲရုံ(ရခိုင်) ရွာနှစ်ရွာအပါအဝင်ရသေ့တောင်မြို့နယ် အငူမော်၊ ဈေးကုန်တန်း၊ ဒုံးပိုက်၊ ဆင်ပိုက်၊ အောင်ဗလ ၊ရှိန်ခါလီစသည့် ကျေးရွာများ မှပြည်သူများလည်း ဘေးလွှတ်ရာသို့ တိမ်းရှောင် နေကြရသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.