စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

သံတွဲတိုက်ပွဲအတွင်း လက်နက်ကြီးကျည်စထိမှန်၍ အဖွားအိုတစ်ဦးအပါအဝင် ကမန်လူမျိုး ၂ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 799

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇွန် ၆ / ၂၀၂၄

အာရက္ခတပ်တော်၏ ထိုးစစ်အရှိန်ဖြင့်တိုက်ပွဲပြင်းထန်နေသည့် သံတွဲတွင် ယမန်နေ့က စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍  အဖွားအိုတစ်ဦးအပါအဝင် ကမန်လူမျိုးနှစ်ဦး ထပ်မံဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ သံတွဲမြို့နယ်၊ မြို့တောင်ကျေးရွာမှ ဒေါ်မိအေးမြင့် အသက်(၉၀) ကျော်နှင့် ဒေါ်လယ်တီစိန် အသက်(၅၀)ကျော်တို့ဖြစ်သည်။

၄င်းတို့သည် ယမန်နေ့ဇွန်လ ၅ ရက်မနက်ပိုင်းက စစ်ကောင်စီလက်နက်ကြီးကျည်များ ရွာစပ်သို့ ကျရောက်ပေါက်ကွဲရာမှ ကျည်စထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

" မနေ့ကနဲ့ ဒီနေ့ ဇွန်လ ၆ ရက်မနက်ပိုင်းတွေမှာ ရွာနားကိုလက်နက်ကြီး ၄ လုံးထိကျကွဲတယ်။ ရွာက အဖွားအိုတစ်ယောက်နဲ့ နောက်ထပ်မိန်းမတယောက်ဒဏ်ရာရတယ်။ သိပ်အများကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့်တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ အရမ်းနီးလွန်းနေတော့ ဘယ်အချိန်ဘာထပ်ဖြစ်မလဲ စိုးရိမ်နေရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ဒေါ်လယ်တီစိန်တွင် လက်မောင်းကျည်စရှပ်ထိဒဏ်ရာနှင့် ဒေါ်မိအေးမြင့်မှာ ကျောကုန်းကို ကျည်စရှပ်ထိခဲ့ကြောင်း သိရသည်။

မြို့တောင်ကျေးရွာသည် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ငပလီမြို့၊ဂေါ့ရပ်ကွက် ဂေါ့တောင်နှင့် စစ်ကောင်စီက ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေသည့် ဆင်ခေါင်းကျေးရွာအကြားတည်ရှိပြီး ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ကြသည်။

ဧပြီလ နောက်ဆုံးပတ်က သူဌေးရေအားလျှပ်စစ်အနီး လင်းသီကျေးရွာတွင်လည်း စစ်ကောင်စီ လက်နက်ကြီးကျည် နေအိမ်များကိုကျကွဲပြီး ကမန်လူမျိုး ၉ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည်။

ဆက်စပ် သတင်းများ