တနင်္လာ၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၄

တောင်ကုတ်တွင် နယ်မှဈေးဝယ်လာသည့် ဒေသခံများ၏ ကုန်ပစ္စည်းများကို စစ်ကောင်စီတပ်က အဓမ္မသိမ်းယူပြီး လူကိုပါဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဇွန် ၆/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ ရွှေတောင်သာကျေးရွာတွင် နယ်မှဈေးဝယ်လာသည့် ဒေသခံများ၏ ကုန်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအဓမ္မသိမ်းယူသွားကာ ဈေးဝယ်လာသူများကိုပါ ဖမ်းဆီးထားကြောင်း သိရသည်။

ယနေ့ဇွန်လ ၆ ရက်၊ နေ့လယ် ၁၁ နာရီခွဲခန့်က တောင်ကုတ်မြို့နယ်၊ ရွှေတောင်သာကျေးရွာ လှေဆိပ်တွင် နယ်မှဈေးဝယ်လာကြသည့် ဒေသခံပြည်သူများ၏ စက်လှေ ၃ စီးတွင် တင်ဆောင်ထားသည့်  စားသောက်ကုန်ပစ္စည်းများကို တောင်ကုတ်မြို့အခြေစိုက် ခမရ (၅၄၄) နှင့် ခမရ(၃၄၆) ပူးပေါင်းတပ်ဖွဲ့က အတင်းအဓမ္မဖမ်းယူသိမ်းဆည်းသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"စက်လှေ ၃ စီးနဲ့ လှေဆိပ်ကို ချထားကြတဲ့ ကုန်ပစ္စည်းတွေကို သိမ်းသွားတာပါ။ အခုတော့ ဈေးဝယ်လာတဲ့သူတွေရဲ့ ကုန်ပစ္စည်းတွေကို ကမ်းပေါ်ကို တင်ခိုင်းနေတယ်။ လူတွေကိုပါ ကမ်းပေါ်မှာ ဖမ်းထားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဈေးဝယ်လာသည့် ဒေသခံများမှာ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းကျေးရွာဘက်မှ ဖြစ်သည်ဟု စုံစမ်းသိရပြီး ဖမ်းဆီးခံရသူအရေအတွက်ကို အတိအကျမသိရသေးချေ။

နယ်မှဈေးဝယ်လာသည့်ဒေသခံများမှာ ယနေ့မနက်အစောပိုင်းက တောင်ကုတ်မြို့အထိ စက်လှေသွားလာ၍ မရသည့်အတွက် မြို့နှင့် ၃ မိုင်ခန့်ကွာဝေးသည့် ရွှေတောင်သာကျေးရွာ လှေဆိပ်တွင် စက်လှေရပ်နားထားကာ ဝယ်ယူထားသည့် ကုန်ပစ္စည်းများကို ဘေးတွဲဆိုင်ကယ်များဖြင့် သယ်ယူ၍ စက်လှေပေါ်သို့ချပြီးချိန်၌ သရက်တောင်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး အတင်းအဓမ္မသိမ်းယူခြင်းဖြစ်သည်ဟု သိရသည်။

"ဈေးဝယ်လာသူတွေက ဒီရေတက်ချိန်ကို စောင့်နေကြတာ။ ခမရ ၅၄၄ နဲ့ ၃၄၆ တပ်ရင်းက သရက်တောင်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားလို့ရှိတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေက စက်လှေထွက်မယ့်အချိန်ကို အမီလိုက်လာပြီး ကုန်ပစ္စည်းတွေသိမ်းတယ်။ လူတွေကိုလည်း ဖမ်းထားတယ်" ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မဖြစ်ပွားသေးသော်လည်း စစ်ကောင်စီက ကုန်းလမ်းနှင့် ရေလမ်းတို့ကိုပါ ပိတ်ဆို့ထားသည်။

ဆက်စပ် သတင်းများ