စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ကျောက်တော်တွင် စစ်ကောင်စီဗုံးကြဲ၍ အရပ်သားလူငယ် ၃ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 696

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၆ / ၂၀၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ကို ယနေ့ နေ့လယ်က စစ်ကောင်စီ ဂျက်ဖိုင်တာတစ်စီးက လာရောက်ဗုံးကြဲခဲ့သည့်အတွက် အရပ်သားလူငယ် ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

စစ်ကောင်စီ ဂျက်ဖိုင်တာသည် နေ့လယ် ၁ နာရီခွဲခန့်က ကျောက်တော်မြို့နယ်၊ ရှောက်ချောင်း ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာပြင်တွင်ကျရောက်ပေါက်ကွဲခဲ့၍ အဆိုပါကျေးရွာမှ လူငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" ရှောက်ချောင်း ကျေးရွာကို စစ်ကောင်စီဂျက်ဖိုင်တာက ဗုံးတစ်လုံးကြဲသွားတယ်။ အပြစ်မရှိတဲ့ အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာအခြေအနေကတော့ စိုးရိမ်စရာ မရှိပါဘူး" ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရသွားသူများ၏အမည်နှင့်အသက်တို့ကို နိရဥ္စရာက ဆက်လက်စုံစမ်းနေသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်၊ ညဥ့်အချိန်ကလည်း ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် တိုက်နယ် ဆေးရုံနှင့် လမ်းမတော်စာသင်ကျောင်းတို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် ကျောင်းဆရာတစ်ဦးသေဆုံးပြီး လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လတစ်ရက်နေ့ကလည်း ပေါက်တောမြို့နယ်မှ ကြိမ်ခွေမော်၊ တောင်ဦးမော်၊ ဆင်တက်မော်၊ သဲခုံ စသည့်ကျေးရွာများအပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်မှ ယိုးတရုတ်စံပြ ကျေးရွာတို့‌ကို စစ်ကောင်စီ Y-12 ထောက်ပို့လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးသွားခဲ့ပြီး ၁၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။

ထို့အပြင် ရခိုင်စစ်မြေပြင်တွင် စစ်ရှုံးနေသော စစ်ရှုံးစစ်ကောင်စီသည် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသော မြို့နယ်များမှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ ဆေးရုံ၊ ဆေးခန်းများနှင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများကိုလည်း မကြာခဏ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်များကို အစဉ်မပြတ် ‌ကျူးလွန်လျက်ရှိသည်။

ပြီးခဲ့သည့် မေလ ၂၈ ၊ ၂၉ ရက်နေ့များကလည် စစ်ကောင်စီတပ်များသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်လာပြီး အရပ်သားပြည်သူများကို ဖမ်းဆီးကာ လူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့ကိုလည်း မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင် မြို့နယ်တစ်ခုပြီးတစ်ခု၊ စခန်း၊ တပ်မ၊ ဗျူဟာကုန်းများကို တစ်ခုပြီးတစ်ခု စွန့်လွှတ်လာရသည့်အတွက် သူတို့ရဲ့ ထုံးစံအတိုင်း အရပ်သားပြည်သူများကို ဓားစာခံပြုလုပ်ကာ အကြမ်းဖက် တိုက်ခိုက်လာနေသည်ဟု နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုကြသည်။

 

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ