ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

မောင်တောတောင်ပိုင်း အငူ‌မော်လမ်းရှိ အင်းဒင် နခခ(၆)စခန်းကြီးအား AA အပြီးသတ်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

(စစ်ကောင်စီအကျအဆုံးများပြီး အများအပြားအဖမ်းခံရဟု သတင်းများထွက်ပေါ်နေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၆ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တော-အငူ‌မော်လမ်း ပေါ် ရှိ အင်းဒင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆) စခန်းကြီးအား အာရက္ခတပ်တော် (AA) မှ ယနေ့ ဇွန်လ ၆ ရက် နံနက်ပိုင်း၌ အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ် အရ သိရသည်။

"နယ်ခြားစောင့်တပ်ဖွဲ့‌ တွေ အကျဆုံး‌တွေရှိတယ်။ စခန်းက ထွက်ပြေးကြတာလည်းရှိတယ်။ လက်နက်ချတာလည်းရှိတယ်။ ထွက်ပြေးတာက ပင်လယ်ပြင်ဖက်ကို ထွက်ပြေးကြတာများတယ်။ ဖမ်းမိတာတွေလည်း ရှိတယ်။  နယ်မြေရှင်းလင်းရေးလုပ်နေရတယ်" ဟု ပြောကြား သည်။

အင်းဒင်နခခ(၆)နယ်ခြားစောင့်စခန်းမှာမောင်တောမြို့နယ်တောင်ပိုင်း၌အခြေစိုက်ထားသည့် စစ်ကောင်စီတပ်၏ စခန်းကြီးတစ်ခုဖြစ်သည်။

၎င်းစခန်းကြီးသည်  မောင်တော-အငူမော်ကားလမ်းတွင်တည်ရှိပြီး မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အစပ်တွင် တည်ရှိသည့် အင်အား ၆၀၀ ခန့်ရှိသော စခန်းကြီး တစ်ခု ဖြစ်သည်။

ထိုသို့အင်ဒင်စခန်းမကျ‌စေရန် ပင်လယ်ပြင်ရှိ နေဗီများမှ လက်နက်ကြီးပစ်ကူမူများပေးခဲ့ကြသလို လေကြောင်းမှလည်း ဂျက်တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်နေသည့်ကြားထဲက အေအေက သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများက‌ ပြောဆိုသည်။


ဒေသခံတစ်ဦးက " နခခ(၆) အင်းဒင်စခန်းကြီးမကျစေဖို့ အင်းဒင်ပင်လယ်ပြင်မှာရှိတဲ့ စစ်ကောင်စီ‌ နေဗီတွေက လက်နက်ကြီးတွေအဆက်မပြတ်ပစ်ပြီးကာကွယ်ခဲ့ကြတယ်။လေကြောင်းက ၃ ကြိမ်အထိလာ‌ရောက်ဗုံးကြဲတိုက်ခိုက်တယ်။ အဲ့ဒီကြားက စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတာ။ "ဟု ပြောဆိုသည်။

မောင်တောမြို့နယ်တောင်ပိုင်းတွင် အခြေ စိုက်ထားသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းများ ဖြစ်တဲ့ကျောက်ပန္ဒူကျေး ရွာအနီးရှိ နယ်ခြား‌စောင့်စခန်း ၃ ခု နှင့် ဂြင်းတောစခန်း ၁ ခု အား အာရက္ခတပ်တော်မှ ဇွန်လ ၃ ရက်နေတွင် သိမ်းပိုက်ခဲ့ပြီး‌ နောက်အမှတ်(၆)နယ်ခြားစောင့် စခန်းကြီးဖြစ်တဲ့ အင်းဒင်စခန်း နှင့် အမှတ်(၉) မြင်းလွှတ်စခန်းကြီး ၂ ခုအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် အင်းဒင်နယ်ခြားစောင့် စခန်းကြီးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။  

မောင်တောမြို့နယ်တောင်ပိုင်ရှိ လက်ကျန်စစ်ကောင်စီနယ်ခြားစောင့်စခန်းကြီး၁ ခုဖြစ်တဲ့ နခခ(၉) မြင်းလွှတ် အား အာရက္ခတပ်တော်မှထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

မောင်တော‌ တောင်ပိုင်း၌မြင်းလွှတ် စခန်းပြီးလျှင် မောရဝတီဗျူဟာ၊အမှတ် (၄)နယ်ခြားစောင့်တပ်ဖွဲ နှင့် နယ်မြေ(၇) အလယ်သံ‌ကျော်စခန်းများသာကျန်ရှိ‌ တောမှာဖြစ်ကြောင်းဒေသခံများမှသိရသည်။

ရခိုင်ဒေသ၌ စစ်ကောင်စီ၏ ကျန်ရှိနေတဲ့ တပ်ရင်း တပ်ဖွဲ့ စစ်ဌာနချုပ်အားလုံးအားတစ်ခုမကျန် တစ်ပြိုင်တည်း တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ဗီအိုအေနှင့်အင်တာဗျူး၌ အတိအလင်းပြောဆိုထား သည်။

ဆက်စပ် သတင်းများ