တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တိုက်ပွဲအန္တရာယ်ကြောင့် ရခိုင်မှ မြို့ ၇ ခုတွင်သာ ကျောင်းများဖွင့်လှစ်နိုင်ပြီး ကျောင်းသားများအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်စွာ ပညာသင်ကြားနေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

စောရှင်မေ၊ နိရဉ္စရာ၊ ဇွန် ၇/၂၀၂၄

ရခိုင်တွင် စစ်ကောင်စီက မြို့  (၇) ခုတွင် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ် ထားသော်လည်း တိုက်ပွဲအန္တရာယ်ကြောင့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့်  စိုးရိမ်ထိတ်လန့်စွာ ပညာသင်ကြားနေကြရသည်ဟု ကျောင်းသားမိဘများက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၇) မြို့နယ် ရှိသော်လည်း မြို့ (၇)  ခုတွင်သာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားနေကြရကြပြီး အများစုမှာ မြို့ပေါ်ကျောင်းများ ဖြစ်ကြသည်ဟု သိရသည်။

စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေကြသည့် မြို့များမှာ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း၊ ဂွနှင့် စစ်တွေမြို့တို့ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၃ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ကြားနေရခြင်းဖြစ်သည်။

တောင်ကုတ်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက " လောလောဆယ်တော့ အခြေအနေ ကြည့်ပြီး ကလေးတွေကို ကျောင်းလည်းဖွင့်တော့ ကျောင်းတက်ခိုင်းထားတယ်။ ကျောင်းမတက်ဘဲနေရင်လည်း တစ်နှစ်နောက်ကျသွားမှာစိုးလို့လေ။ စစ်ပွဲက ဘယ်အချိန် ဘာဖြစ်မလဲဆိုတာမသိတော့ မိဘတွေအနေနဲ့ကတော့ ကိုယ့်သားသမီးအပေါ် စိုးရိမ်မှုတော့ ရှိတယ်။ အခြေအနေမကောင်းရင်တော့ ကိုယ့်သားသမီးတွေ ပြန်ခေါ်ထုတ်ဖို့ စီစဥ် ထားတာတွေတော့ရှိတယ်" ဟုပြောသည်။

ကျောက်ဖြူဒေသခံတစ်ဦးကလည်း ကျောက်ဖြူတွင် လက်ရှိ စစ်ရေးအခြေအနေ ငြိမ်သက်နေ၍ ကျောင်းများဖွင့်လှစ်ထားကြသည့်အတွက် မိဘများအနေဖြင့် သားသမီးများကို ကျောင်းအပ်နှံပေးထားရသော်လည်း စိုးရိမ်ပူပင်မှုများဖြင့်နေနေရကြောင်း ပြောသည်။

"အခုကတော့ တိုင်းရေးပြည်ရေး အခြေအနေမကောင်းတော့ စစ်ပွဲက ဗြုန်းစားကြီး တစ်ခုခုဖြစ်လာခဲ့ရင် ကျောင်းနဲ့အိမ် နည်းနည်းဝေးတဲ့ ကလေးတွေဆိုရင် ကြောက်စိတ်ကြောင့် ထိတ်လန့်မှုဖြစ်မှာတို့ မိဘတွေအနေနဲ့ကတော့ အဘက်ဘက်ကစိုးရိမ်ရတာပေါ့။ ကျောင်းလည်းဖွင့်တယ်။ သူများတွေလည်းတက်နေကြတော့ အဲ့လိုပဲ ကျောင်းအပ် ထားရတာပါပဲ" ဟုပြောသည်။

ယခုဖွင့်လှစ်ထားသည့်မြို့နယ်များအနက် ကျောက်ဖြူ၊  တောင်ကုတ်၊ မောင်တော၊ သံတွဲနှင့် အမ်းမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲများ ဖြစ်ပွားနေသလို စစ်ရေးတင်းမာမှုလည်း ရှိနေသဖြင့် မြို့ပေါ်ကျောင်းများကိုသာ ဖွင့်လှစ် သင်ကြားနိုင်ပြီး နယ်ကျောင်းများကို ပိတ်ထားရသည်ဟု သိရသည်။

သံတွဲမြို့တွင် ကျောင်းများ ဖွင့်လှစ်ခဲ့သော်လည်း တိုက်ပွဲဧရိယာနှင့်နီးလာသောကြောင့် မြို့ပေါ်ရှိ စာသင်အချို့ကို ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

သံတွဲဒေသခံတစ်ဦးက "ဘယ်ကလာ ကျောင်းတက်ရမှာလဲ။ ကျောင်းလည်းမဖွင့်ဘူး။ ဆရာ၊ ဆရာမတွေတောင် ပြေးကုန်ကြပြီ။ လေယာဥ်တွေနဲ့ ခဏခဏဗုံးလာကြဲနေလို့ ပြေးနေရတာ"ဟု ပြောသည်။

ဖွင့်လှစ်သင်ကြားနေရသည့်ကျောင်းများတွင်လည်း ကိုယ့်သားသမီးလုံခြုံရေးအတွက် စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။

နောက်ထပ်သံတွဲဒေသခံတစ်ဦးက "ကျောင်းဖွင့်တော့ သမီးလေးကိုကျောင်းတင်ထားတယ်။ ဒီနေ့တော့ နေ့တစ်ပိုင်း မတက်ရဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ ဆရာမတွေမရောက်လို့လား။ ကျောင်းသားတွေမစုံလို့လားတော့ သေချာမသိဘူး။ သမီးလေးကို စိုးရိမ်လို့လည်း ကျောင်းတက်ကတည်းကနေ ကျောင်းဆင်းအောင်ထိစောင့်နေရတာပါပဲ" ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်အား နိရဉ္စရာက ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

တနိုင်ငံလုံးတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိကို စစ်ကောင်စီက ကြေညာထားပြီး ဇွန် ၃ ရက်မှစတင်ကာ ကျောင်းများကို ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်သည်

ရခိုင်တွင် စစ်ကောင်စီက မြို့နယ် (၇)ခုတွင်သာ ကျောင်းဖွင့်လှစ်ထားနိုင်ပြီး ကျောင်းအပ်နှံသူ မေလ ၂၆ ရက်အထိ ၃၈၀၀၀ ကျော်သာ ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်တွင် ယခင် ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်တို့အတွင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ သုံးသိန်းမှ ငါးသိန်းကျော်အထိ ကျောင်းအပ်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ရခိုင်၌ အခြေခံပညာစာသင်ကျောင်းပေါင်း ၃,ဝဝဝ ကျော်ရှိပြီး လက်ရှိတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တောနှင့် သံတွဲမြို့နယ်တို့တွင် စာသင်ကျောင်းများ ထောင်နှင့်ချီ ပိတ်ထားရကြောင်း သိရသည်။

ဓာတ်ပုံ - စစ်တွေရှိစာသင်ကျောင်းတစ်ကျောင်းတွင် စာသင်ကြားနေမှုအား ဇွန်လ ၃ ရက်က တွေ့ရစဥ်။/Photo - သိကြားစေချင် ငွေသဇင်

ဆက်စပ် သတင်းများ