ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ဗျိုင်းဖြူကျေးရွာ စစ်ရာဇ၀တ်မှု အပေါ် စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် KNO က တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 4k

နိရဉ္စရာ၊ ဇွန် ၇/၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာ၌ မြန်မာစစ်တပ်ကအပြစ်မဲ့ အရပ်သားများအပေါ် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး အလွန်အမင်းစိတ်မကောင်းဖြစ်မိကြောင်း၊ ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား အနေဖြင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇ၀တ်မှုများအပေါ် စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization- KNO) က တိုက်တွန်းပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်၊ ဗျိုင်းဖြူကျေးရွာ၌ မြန်မာစစ်တပ်က အပြစ်မဲ့ အရပ်သားများအပေါ် ရက်စက်စွာ သတ်ဖြတ် ကျူးလွန်ခဲ့မှုနှင့် ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် သတင်းထုတ်ပြန်ချက်တွင် KNO က အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မေလ (၂၉)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ၌ မြန်မာစစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူ( ၅၃) ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ အလွန်အမင်းစိတ်မကောင်းဖြစ်မိပါကြောင်း၊ ယင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခံစားခဲ့ကြရသည့် မိသားစုများနှင့် ဒုက္ခဆင်းရဲမှု ဒဏ်ကို ခံစားနေကြရသည့် ရခိုင်ပြည်သူများ အတွက် ကျွန်ုပ်တို့၏ စိတ်ရင်းအမှန်ဖြင့် အမှန်တကယ် ဝမ်းနည်းကြေကွဲရပါကြောင်း ကချင်အမျိုးသား အစည်းအရုံး(Kachin National Organization- KNO) ဇွန်လ (၃ )ရက် က ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ကချင်အမျိုးသား အစည်းအရုံးသည် မြန်မာစစ်တပ်၏ အလွန်အကျွံ ဖိနှိပ်မှုမှ လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် ရခိုင်ပြည်သူများနှင့် အတူမယိမ်းမယိုင် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိပါကြောင်းရခိုင်ပြည်နယ် လွတ်မြောက်ရေး အတွက် အားတက်သရော တိုက်ပွဲဝင်ခဲ့သည့် ခေတ်မီ အာရက္ခတပ်တော်၏ဇွဲ သတ္တိနှင့် သန္နိဋ္ဌာန်ကိုလည်း အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရှိ အခြား တော်လှန်ရေး အဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဂုဏ်ပြုပါကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

" မြန်မာစစ်တပ်ရဲ့ဆယ်စုနှစ်များကြာ သိမ်းပိုက်ခံထားရမှု၊ မြန်မာ့တပ်မတော်ရဲ့ အလွန်အကျွံ ဖိနှိပ်ခံရထားမှုတွေကနေ၊ ရခိုင် ပြည်သူတွေဟာ လွတ်လပ်ရေးကို ရထိုက်ပါတယ်” ဟု ကချင်အမျိုးသားအစည်းအရုံးမှ နိုင်ငံခြားရေး အတွင်း၀န် Hkanhpa Tu Sadan က ပြောသည်။

ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သည် (မြန်မာစစ်တပ်၏) ရက်စက် ကြမ်းကြုတ်သည့် စစ်ရာဇ၀တ်မှုများအပေါ် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု များပြုလုပ်ပါ ရန်နှင့် ၎င်းတို့(မြန်မာစစ်တပ်)၏ လုပ်ရပ်များအတွက် တာဝန်ရှိသူများက တာဝန်ယူကြရန်လည်း ကျွန်ုပ်တို့ က တိုက်တွန်းအပ်ပါသည် ဟု ဆိုသည်။

ထို့အပြင် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် နိုင်ငံတကာ  အသိုင်းအဝိုင်း ကိုလည်း တောင်းဆိုပါကြောင်း တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် အတွက်မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုနှင့် မတရား ဖိနှိပ်မှုများကို ကမ္ဘာ့အသိုက်အဝန်းမှ ပြတ်ပြတ်သားသားနှင့် စည်းလုံးညီညွတ်စွာ တုံ့ပြန်ကြရန် တောင်းဆိုပါကြောင်း KNO ၏သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကချင်အမျိုးသားအစည်းအရုံး(Kachin National Organization- KNO)ကို ၁၉၉၉ ခုနှစ်တွင် ကချင်နိုင်ငံရေး အဖွဲ့အစည်းတစ်ခုအနေဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်( ဗျိုင်းဖြူရွာ)တွင် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က မြန်မာစစ်တပ်ကရက်စက်စွာ သတ်ဖြတ်ခဲ့မှု ကျူးလွန်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့အထိ သေဆုံးသူအပြစ်မဲ့ အရပ်သား ၇၆ ဦးအထိ ရှိပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်က ဇွန် ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ကိုတွေ့ ရသည်။

ဆက်စပ် သတင်းများ