သောကြာ၊ ဇွန်လ ၂၁ရက်၊ ၂၀၂၄

သံတွဲမြို့ ဆင်ခေါင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၁၀၀ နီးပါးအထိ သေဆုံးနိုင်ဟုဒေသခံများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၇ ရက်/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို  တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ရုတ်တရက် ဗုံးကြဲ တိုက်ခိုက်သလို ရေတပ်နေဗီကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀၀ နီးပါးအထိ သေဆုံးနိုင်ကြောင်း အဆိုပါကျေးရွာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူတစ်ဦးမှ နိရဉ္စရာသို့ အတည်ပြုသည်။

သေဆုံးသူများထဲမှ  ၆၄ ဦး မြုပ်နှံထားပြီး တခြားအလောင်းများအား မြုပ်နှံရန်ကျန်ရှိနေသေးကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဖြင့်ဗုံးကြဲမှုများကို ရှောင်တိမ်း၍ မြုပ်နှံနေရခြင်း ဖြစ်သဖြင့် အလောင်းများ မြုပ်နှံရန်ကျန်ရှိနေသေးကြောင်း အဆိုပါ သွားရောက်ခဲ့သူကပြောသည်။

“ ဆင်ခေါင်းရွာ မှာလူ ၅၀ ကနေ ၁၀၀ အထိသေဆုံးမှုရှိတယ်လို့ ရွာမှာ အခုရှိနေသေးတဲ့ သူ တွေကပြောပါတယ်။ လက်ရှိအနေအထားမှာ လူ၆၀ကျော်လောက်ကို သင်္ဂြိုလ်ပြီးပြီလို့  သိရပါတယ်။ သေတာက မော်ဖျားပိုင်းမှာ အသေများပါတယ်။ အိမ်တချို့ မှန်တွေကွဲကြေနေသလို အိမ်လည်း အများအပြားလည်း ပျက်စီးနေတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေပါတော့  ဓာတ်ပုံလည်း မရိုက်ခဲ့ရဘူး။  စုံအောင်လည်း မကြည့်ခဲ့ရဘူး။ နေဗီက လက်နက်ကြီး လှမ်းပစ်နေလို့ ချက်ချင်း ပြန်လာခဲ့ရတယ်” ဟု  ဇွန်လ ၇ ရက်နေ့နံနက် ပိုင်းတွင်ကိုယ်တိုင်သွားရောက်ခဲ့သူ ဒေသခံတစ်ဦးမှ ပြောသည်။

ဆင်ခေါင်းကျေးရွာ မော်ဖျားပိုင်းရှိ ပိုက်တဲများ၊ငါးပုဇွန်ဒိုင်များ၊နေအိမ်များ အားလုံးပျက်စီးသွားပြီး ရွာအတွင်းရှိ ဆလီကုန်းပိုင်းအပါအဝင် ရပ်ကွက်နှင့် လမ်းအများစု ပျက်စီးသွားကာ လက်နက် ကြီးအစများလည်း တွေ့ရှိရကြောင်း သူကဆက်ပြောသည်။


ထို့အပြင် ရွာသားများ၏ နေအိမ်များ အားဖောက်ထွင်းခံရမှု ရှိသကဲ့သို့ လယ်ယာနှင့် တဲအိမ်များ ပျက်စီးသွားကာ ဒေသခံအများစုသည် နေအိမ်များအား လာရောက်မကြည့်ရှုနိုင် ကြောင်းသိရသည်။

“ကျွန်မတို့ အဝတ်မရ၊ ဖိနပ်မရ ရရာစက်လှေ၊ ကား၊ ဆိုင်ကယ်တွေ ဆွဲပြီး အနီးအနားကျေးရွာတွေကို‌ ပြေးလာရတာပါ။ ရွာထွက်ဝ ဖုရားလေးရောက်တဲ့အချိန် ဗုံးကြဲသံ အကျယ်ကြီး အနီး ကပ်ကြားရတာ သေပြီထင်တာထိပြီထင်တာ။ ကံကောင်းလို့ အခုထိရွာထဲ မဝင်နိုင်သေးဘူး။  ကြက်တွေဝက်တွေ ပစ္စည်းတွေ ဘယ်လိုနေမလဲမသိဘူး” ဟု တိမ်းရှောင်နေ အမျိုးသမီးတစ်ဦးမှပြောသည်။

သေဆုံးသူများထဲတွင် မိမိ၏ သူငယ်ချင်းကျောင်းဆရာမတစ်ဦးပါဝင်သကဲ့ သို့ မော်ဖျားပိုင်းမှ အသိမိတ်ဆွေများ အပါအဝင်  လူပေါင်း၁၀၀ ကျော်သေဆုံးသည်ဟုကြားသိရကြောင်း သူမက ဆက်လက်ပြောဆိုသည်။

ဆင်ခေါင်းကျေးရွာအား ဇွန် ၄ ရက်နှင့် ၅ ရက်များတွင် ၂ ရက်ဆက်တိုက် နေ့ရောညပါ စစ်ကောင်စီက တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ်များနှင့် ဗုံးကြဲခြင်း၊ စစ်သင်္ဘောများမှ အမြှောက်ပစ်ခတ်ခြင်းနှင့် ကုန်းပေါ်တွင် အထိုင်ချထားသည့် ဟောင်ဝှစ်ဇာအမြှောက်များဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ နေ့ရော ညပါ မနားတမ်းတိုက်ခိုက်ခဲ့ပြီးနောက် ဆင်ခေါင်းကျေးရွာနှင့် ဆင်ခေါင်း ငါးဖမ်းဇုန် တခုလုံး ပျက်စီးကာ လူပေါင်း ရာဂဏန်းအထိ သေဆုံးနိုင်ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများက ခန့်မှန်းထားသည်။

လတ်တလောတွင် ဆင်ခေါင်းကျေးရွာမှ အနီးဝန်းကျင်ကျေးရွာများအပြင်၊ တောင်ကုတ်မြို့ ဘက်သို့ပါ စစ်ဘေးတိမ်းရှောင်နေကြရပြီး၊ မြေပြင်တွင်ကျန်ခဲ့သည့် ဒေသခံတချို့နှင့် အဆက်အသွယ် ပြတ်တောက်နေကြသည်မှာ ၂ရက်ကျော်ကြာမြင့်ခဲ့ပြီး သံတွဲဒေသခံများထံမှသိရသည်။

ဆင်ခေါင်းကျေးရွာကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ယင်းအနီးဝန်းကျင် တဝိုက်ကို လေကြောင်း ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကို အကြိမ်ပေါင်း ရာနှင့်ချီ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

ဆင်ခေါင်းကျေးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်၊ လူပေါင်း ၇၀၀၀ ကျော် နေထိုင်သည့် ကျေးရွာကြီး တစ်ရွာဖြစ်ပြီး  ပြီးခဲ့သည့် ၂ရက်နှင့် ၃ရက်နေ့များက တိုက်ပွဲပြင်းထန်ခဲ့သည့် ငပလီကမ်းခြေမြို့၊ ဂေါ့ရပ်ကွက်နှင့် ၃မိုင်ခွဲ ဝန်းကျင်ခန့်အကွာတွင်တည်ရှိသည်။

နိရဉ္စရာသတင်းဌာန အနေဖြင့် သေဆုံးသူအရေအတွက်ကို အတိအကျ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါသည်။

ဆက်စပ် သတင်းများ