Preview

ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် လူသတ် စစ်ရာဇဝတ်မှုကျူးလွန်သည့် စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချပြီး ၎င်းတို့ကို ထိရောက်စွာ အရေးယူရန် ရက္ခိုင့်အဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်အဖွဲ့ (၂၀၃)ဖွဲ့မှ တောင်းဆို

ဇွန် ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :3609
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၇/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည့်စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချပြီး ၎င်းတို့ကို ထိရောက်စွာ အရေးယူရန် ရက္ခိုင့်အဖွဲ့အစည်းများနှင့်ညီနောင်မဟာမိတ်အဖွဲ့ (၂၀၃)ဖွဲ့မှ ကုလသမဂ္ဂအဖွဲ့ချုပ်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်သည်။

အဆိုပါအဖွဲ့ (၂၀၃) ဖွဲ့၏ ထုတ်ပြန်ချက်ကို ၁၃၈၆ ခုနှစ် နယုန်လဆန်း(၁)ရက် သောကြာနေ့၊ ၂၀၂၄ခုနှစ် ဇွန်လ (ရ) ရက်နေ့စွဲဖြင့် ထုတ်ပြန်ရာ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

--------

အကြမ်းဖက် စကစ စစ်တပ်၏အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား နိုင်ငံတကာရှိ ရက္ခိုင့်အဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်လူမျိုးများမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း

၁၃၈၆ခုနှစ် နယုန်လဆန်း (၁)ရက် သောကြာနေ့ ၂၀၂၄ခုနှစ် ဇွန်လ (ရ) ရက်

မြန်မာ့တပ်မတော်အမည်ခံအာဏာသိမ်း စကစ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းတစ်ကြောင်းသည်ရက္ခိုင်ပြည် စစ်တွေမြို့ ဆတ်ရိုးကျ ဗျိုင်းဖြူကျေးရွာအားမေ( ၂၉ )ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ(၇၀) ကျော်အား ရက်ရက်စက်စက် လူမဆန်စွာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခြင်း၊အလောင်းများအားဖျောက်ဖျက်ခြင်းနှင့် အမျိုးသမီးများအား မုဒိမ်းကျင့် သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှု ၊ လူသားမဆန်သော ပြစ်မှုကျူးလွန်ခြင်းလူမျိုးတုံး သတ်ဖြတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ခဲ့ကြပါသည်။

ထိုကဲ့သို့လူ့အသိတရားကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်လွန်းသည့် လူသတ်မှုကြီးကိုကျူးလွန်ခဲ့ကြသူ များအား နိုင်ငံတကာရှိ ရက္ခိုင်အဖွဲ့အစည်းများနှင့်ညီနောင်မဟာမိတ်လူမျိုးအဖွဲ့ များမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လိုက်ပြီး ပြစ်မှုကျူးလွန်သည့်အကြမ်းဖက်သမားများအားထိထိရောက်ရောက် အရေးယူ အပြစ်ပေးသွားရန် တောင်းဆိုလိုက်ပါသည်။

ဤအကြမ်းဖက်လူသတ်မှုကြီးတွင်အပြစ်မဲ့အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပြီး နိုင်ငံတကာရက္ခိုင်အဖွဲ့အစည်းများမှအရေးပေါ်လိုအပ်သည့် အကူအညီ များကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။

စစ်ရာဇဝတ်မှု၊ လူသားမဆန်စွာ သတ်ဖြတ်သည့်ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကိုဗြောင်ကျကျ ကျူးလွန်ပြီး နေ့စဉ်ရက်ဆက် ကြည်း၊ရေ၊လေတို့မှ ရက္ခိုင် မြို့ရွာများအနှံ့ ဗုံးကြဲခြင်း လက်နက်ကြီးများဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း အပြစ်မဲ့ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်လျှက်ရှိနေပါသည်။

ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ပါ နိုင်ငံတခု၏ လိုက်နာရမည့် စည်မျဉ်းနှင့် နိုင်ငံတကာဥပဒေများကိုစဉ်ဆက်မပြတ် ချိုးဖောက်လာနေခဲ့သော စကစ အကြမ်းဖက်အဖွဲ့ကကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်နှင့် မတရားအာဏာသိမ်း ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံရှိစစ်အာဏာရှင်များကို အာဆီယံနှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အဖြစ်မှ ထုတ်ပယ်သွားရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(ASEAN) နှင့် ကုလသမဂ္ဂအဖွဲ့ချူပ်(UNITED NATION) တို့အားအလေးအနက်တိုက်တွန်းတောင်းဆိုလိုက် ပါသည်။


 


 




#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.