နိရဉ္စရာ၊ဇွန် ၇ / ၂၀၂၄
ဇွန်လ ပထမအပတ် ၂ ရက်နေ့မှ ရ ရက်နေ့အထိ (၆) ရက်ကြာထိုးစစ်အတွင်းမောင်တောမြို့နယ် တောင်ပိုင်းမှ စခန်း (၆) ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အာရက္ခတပ်တော်၏ ဇွန်လ ပထမပတ်အာရက္ခဒေသ အတွင်းတိုက်ပွဲသတင်းများထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သိမ်းပိုက်နိုင်ခဲသောစခန်းများမှာ (၁) “တာဝါတိုင်စခန်း”၊ (၂)“ကျောက်ပန္ဒူစခန်း၊ (၃)“ခွဆုံပြင်စခန်း”၊ (၄) “မြင်းလွှတ်စခန်း”၊ (၅) “အင်းဒင်စခန်း”(သို့မဟုတ်)“နခခ (၆) စခန်း” နှင့် (၆)“နခခ (၉) စခန်း” တို့ဖြစ်ကြသည်။
ထုတ်ပြန်ချက်ထဲတွင်“ ဘူးသီးတောင်မြို့ရှိရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ပြီးသည့်အချိန်တွင်ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ (၂) ရက်နေ့မှစတင်၍ အာရက္ခတပ်တော်သည်တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ- (၁)“တာဝါတိုင်စခန်း” အားဇွန်လ (၂) ရက်၊ ညနေ (၅) နာရီအချိန်တွင်လည်းကောင်း၊ (၂) “ကျောက်ပန္ဒူစခန်း”အားဇွန်လ (၃) ရက်၊ နံနက် (၅) နာရီ (၄၀) မိနစ်တွင်လည်းကောင်း၊ (၃)“ခွဆုံပြင်စခန်း” ကိုဇွန်လ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၅) မိနစ်အချိန်တွင်လည်းကောင်း၊ (၄)“မြင်းလွှတ်စခန်း” ကိုဇွန်လ (၄) ရက်နေ့၊ နံနက် (ရ) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း (၅)“အင်းဒင်စခန်း” (သို့မဟုတ်)“နခခ (၆) စခန်း” အားဇွန်လ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် လည်းကောင်း၊ (၆)“နခခ (၉) စခန်း” အားဇွန်လ (ရ) ရက်နေ့၊ နေ့လယ် (၃) နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်”ဟု ဖော်ပြထားသည်။
၎င်းပြင် အာရက္ခဒေသအတွင်းတိုက်ပွဲများသည်၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်းအဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း၊ အခြားတစ်ဖက်တွင် စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင်များ၊ ARSA၊ARA နှင့် RSO မူဆလင်အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များနှင့် မိမိတို့သည် ဘင်္ဂလာနယ်စပ်တစ်လျှောက်၌ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းဖြင့်လည်း ဖော်ပြထားသည်။
အာရက္ခဒေသအတွင်း၌ စစ်စခန်းများမြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာအဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက်ဆောင်ရွက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည်ဟု ဆိုသည်.
ထို့အပြင် အရပ်သားပြည်သူလူထုများကိုလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွားလာသည့်လမ်းများတွင်မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီ၏ ဘူးသီးတောင်၊မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှလိုက်လံရှင်းလင်းလျက်ရှိသကဲ့သို့ စစ်ကောင်စီ၏ အခြားသော လက်ကျန်စခန်းများဖြစ်သော “နခခ(၄)”၊“မော၇၀တီ” ၊ “အလယ်သံကျော်”၊“နားခေါင်းတိုစခန်း” များအပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း မိမိတို့မှဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်သည်။