ကံ့ကော်နီနီ ၊ နိရဥ္စရာ၊ ဇွန် ၈ / ၂၀၂၄
ရခိုင်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်ရှိ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းများအပါအဝင် တရုတ်စီမံကိန်းများ၏ ရှေ့အလားအလာနှင့် ၎င်းစီမံကိန်းများ ထိခိုက်မှုရှိ/မရှိကို စစ်ဆေးရန် တရုတ်သံရုံးအရာရှိအဖွဲ့ တစ်ဖွဲ့သည် ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိ လာကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့သည် အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်သိမ်းပိုက်ရန်ကြေညာထားသည့် မြို့တစ်ခုဖြစ်ပြီး လက်ရှိတွင်လည်းကျောက်ဖြူမြို့ပေါ်မှ အပ နယ်ကျေးလက်ဒေသများကို AA က သိမ်းပိုက် ထိန်းချုပ်ထားသဖြင့်တရုတ်စီမံကိန်းများ၏ အခြေအနေကို ၎င်းတရုတ်သံအဖွဲ့က လာရောက် စစ်ဆေးခြင်းဖြစ်ကြောင်းတရုတ်သံတမန်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“တိုက်ပွဲတွေက ကျောက်ဖြူမြို့အနီးအနားထိဖြစ်လာတယ်။ ကျောက်ဖြူမြို့ပေါ် ကွက်ကွက်ကလေးဘဲ စစ်ကောင်စီလက်ထဲမှာ ရှိတာ။ နယ်တစ်ခုလုံလည်းအေအေ လက်ထဲကျရောက်သွားပြီ။ ရမ်းဗြဲမြို့နယ်တစ်ခုလုံးဆိုရင်လည်း အေအေ လက်ထဲကျသွားပြီ။ဒီတော့ တရုတ်စီမံကိန်းတွေကလည်း စိုးရိမ်စရာ ရှိလာတာပေါ့။ ဒါကြောင့်သူတို့ ရဲ့ စီမံကိန်းအခြေအနေ အရပ်ရပ်ကို လာစစ်ဆေးတာပါ”ဟု ၎င်းက ပြောသည်။
ယနေ့ဇွန်လ ၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အရာရှိ ၈ ဦးခန့်သည်ရန်ကုန်မှ ကျောက်ဖြူသို့ လေယာဥ်ဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး မဒေးကျွန်းအထိ သွားရောက်စစ်ဆေးကြမည် ဖြစ်ကြောင်း တရုတ်စီမံကိန်းများ လေ့လာ စောင့်ကြည့်နေသည့်ကျောက်ဖြူဒေသခံလူငယ်တစ်ဦးက ပြောသည်။
" ကျောက်ဖြူကိုဒီနေ့ တရုတ်သံရုံးကအဖွဲ့ရောက်နေတယ်။သူတို့မဒေးကျွန်းမှာနှစ်ရက်နေပြီး စစ်ဆေးတာတွေ လုပ်မယ်လို့သိရတယ်။သူတို့ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေကိုစစ်ဆေးကြမှာပါ။ ပြီးရင် တရုတ်စီမံကိန်းတွေရဲ့ အနာဂတ် အခြေအနေတွေကို သုံးသပ်ကြမှာ ဖြစ်ပါတယ်" ဟု ၎င်းက နိရဥ္စရာသတင်းဌာနသို့ပြောသည်။
၄င်းတရုတ်သံရုံးအရာရှိအဖွဲ့သည့် မဒေးကျွန်းတွင် ၂ ရက်ကြာစစ်ဆေးပြီးဇွန်လ ၁၀ ရက်တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိ၇သည်။
တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့အပါအဝင် ၇ခိုင်တောင်ဘက်ပိုင်းမြို့နယ်၈ ခုစလုံးမှ စစ်ကောင်စီ တပ်စခန်းများတစ်ခု မကျန်ဆက်လက်ထိုးစစ်ဆင်သွားမည်ဟုAA က အတိအလင်း ကြေညာထားပြီဖြစ်သဖြင့် တရုတ်စီမံကိန်းများ၏အခြေအနေမှာ မည်သို့ ဖြစ်လာမည်ကို မခန့်မှန်းတတ်ဟု အဆိုပါ လူငယ်က ပြောကြားသည်။
တရုတ်သဘာ၀ဓာတ်ငွေ့စီမံကိန်းမှမြန်မာအစိုးရသည် နှစ်စဉ် အမေရိကန် ဒေါ်လာ (၁) ဘီလီယံထိ ဝင်ငွေရရှိနေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာစစ်ကောင်စီသည် တရုတ်နိုင်ငံထံ အမေရိကန်ဒေါ်လာ (၁.၄၃)ဘီလီယံတန်ဖိုးရှိသည့် ၇ခိုင်ကထွက်သည့် သဘာ၀ဓာတ်ငွေ့များကို တင်ပို့ရောင်းချခဲ့သည်ဟုBETV သတင်းတွင် ဖော်ပြထားသည်။
ရခိုင်တွင် တိုက်ပွဲများ ရပ်တန့်သွားရန် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့အကြား တွေ့ဆုံ ဆွေးနွေးပွဲများကိုတရုတ်ဘက်က တောက်လျှောက်ကြားဝင်ညှိနှိုင်းလာနေသော်လည်း လက်တွေ့အပစ်ရပ်ရေးသဘောတူညီချက်ဖြစ်မလာသေးကြောင်း သိ၇သည်။
ထိုသို့ ရခိုင်တွင်အပစ်ရပ်ရန်တရုတ်ဘက်ကကြားဝင်ညှိနှိုင်းနေသော်လည်း စစ်ကောင်စီကပြည်သူလူထုကို ပစ်မှတ်ထားပစ်ခတ်နေမှုကြောင့် ရခိုင်တိုက်ပွဲရပ်တန့်ရန်အလွန်ခက်ခဲကြောင်း AA ပြောခွင့်ရအရာရှိ ဦးခိုင်သုခကယနေ့ဇွန်လ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။
ပုံစာ- ရောက်ရှိလာသည့် တရုတ်သံအဖွဲ့ဝင်များနှင့်ကျောက်ဖြူ မဒေးကျွန်းရှိ တရုတ်စီမံကိန်း