တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

မောင်တော မောရဝတီနခခ(၄)နှင့် ဗျူဟာစခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

(၎င်းစခန်းကိုလည်း AA က သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၈ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မောရဝတီကျေးရွာအခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၄)နဲ့ ဗျူဟာကုန်းကို ွန်လ ၈ ရက်ယနေ့ နံနက်ပိုင်းမှစပြီး အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ လက်ရှိမှာ ၎င်းစခန်းအား သိမ်းပိုက်လိုက်ပြီဟု သတင်းများထွက်ပေါ်နေကြောင်း  မောရဝတီဒေသခံများထံမှသိရသည်။

" မောရဝတီစခန်းကြီး နဲ့ စစ်ဆေးရေးဗျူဟာစခန်း‌ တွေကို အေအေဖက် က ဒီနေ့မနက်မှာ ဒရုန်းတွေနဲ့ စတိုက်နေတယ်။ စစ်တပ်ဖက်က လေကြောင်းနဲ့ မောရဝတီ အနီးတဝိုက်ကိုလာပြီး ဗုံးချနေတယ်။ မောင်တော နခခ(၅)ကလည်းတာဝေးပစ်ဒုံးတွေနဲ့ ပစ်ကူပေးနေတယ်။ အခု​တော့ မောရ၀တီစခန်းကို အေအေက သိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်လာပါတယ်"ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မောရဝတီ ဗျူဟာသည် မောရဝတီကျေးရွာထွက်ဝအနီး၌တည်ရှိနေပြီး နခခ(၄)စခန်းကြီးမှာ မောရဝတီ နှင့် ဥဒေါင်းကျေးရွာကြား၌ တည်ရှိကာ မေယုတောင်တန်းအား နောက်ခံထားပြီး တည်ဆောက်‌ နေရာချထားတဲ့စခန်းကြီးတစ်ခုဖြစ်သည်။

"မောရဝတီနဲ့ အလယ်သံကျော်‌မှာက ဒေသခံတွေစစ်ဘေးရှောင်သွားကြတာ တစ်လနီးပါးရှိပြီ။ အိမ်စောင့်တွေတော ကျန်ခဲ့ကြတယ်။ အခုသိမ်းလိုက်တဲ့ မောရ၀တီနဲ့  အလယ်သံကျော်မှာတော  စစ်အင်အား အတော်လေး အင်အားများတယ်လို့ သိရတယ်"ဟု မောရဝတီဒေသခံ တစ်ဦးကပြောဆိုသည်။

မောရ၀တီအခြေစိုက် နခခ (၄) နှင့် ဗျူဟာကုန်းအား အာရက္ခတပ်တော်မှ တိုက်ခိုက်နေခြင်းကို အတည်ပြုနိုင်သော်လည်း သိမ်းပိုက်လိုက်ပြီဆိုသည့် အပေါ် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

မောင်တောမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီခြေအခြေစိုက်နယ်ခြား‌ စောင့်စခန်းများဖြစ်ကြတဲ့ ကျောက်ပန္ဒူစခန်း၊တာဝါတိုင်စခန်း၊အင်းဒင်နခခ (၆)စခန်း၊ခွဆုံပြင်စခန်း၊မြင်းလွှတ် နခခ(၉)စခန်း များအား ဇွန်လ(၂)ရက်နေ့ မှ ဇွန်လ (၇) ရက်နေ့ အတွင်းအာရက္ခတပ်‌တော်မှအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးနောက် မောရဝတီစခန်းအားစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မောရဝတီနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၄)နှင့် ဗျူဟာအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လာပြီးနောက် စစ်ကောက်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သလို မောင်တော မြို့သူကြီး နခခ(၅)မှလည်း တာဝေးပစ်ဒုံးများနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဓါတ်ပုံ- မောရဝတီနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနခခ(၄)အားတွေ့ရစဉ်

ဆက်စပ် သတင်းများ