တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

စစ်တွေ အောင်တိုင်ကျေးရွာချောင်းဝတွင် အမည်မသိ လူသေလောင်း ၂၀ ကျော်ခန့် မျှောနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

သင်ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၈/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊အောင်တိုင်ကျေးရွာ ချောင်းဝတွင်  အမည်မသိရသေးသည့် လူသေအလောင်း ၂၀  ကျော်ခန့်  မျှောနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

သေဆုံးသူများ၏ ရခိုင်လူမျိုး ရုပ်အလောင်းများကို ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက်အစောပိုင်းက အောင်တိုင်းကျေးရွာ၏ အရပ်အခေါ် (ချောင်းဝ)တွင်  ဘင်္ဂလားပင်လယ်ထဲသို့ အရောက် တွေ့ရှိခဲ့ကြောင်း ငါးထွက်ရှာသည့် စက်လှေသမားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

"  ချောင်းဝကအထွက်  ဘင်္ဂလားပင်လယ်မှာ မျက်နှာကို အဝတ်စည်းထားတဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်။ တချို့က တခေါင်းလုံးကို အဝတ်စည်းထားတာ။ တချို့က မျက်လုံးကိုအဝတ်အစနဲ့ ဖုံးထားတာ။ အားလုံးက ရခိုင်လူမျိုး ယောက်ျားအလောင်းတွေပါ" ဟုပြောသည်။

၎င်းအလောင်းများသည် ဗျိုင်းဖြူရွာတွင် ဖမ်းဆီးခံထားရသည့်  ယောက်ျားများ၏ ဖြစ်စဉ်နှင့် ဆင်တူသည်ဟု ‌စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

"  အလောင်းတွေကတော့ ဘယ်ရွာကလဲ၊ ဘယ်သူလဲ၊ မသိရသေးပေမယ့် ဗျိုင်းဖြူရွာဖက်ကလူတွေရဲ့ အလောင်းတွေလို့ ခန့်မှန်းတယ်။ ဘာလို့လဲ ဆိုတော့ မကြာသေးခင်ရက်ပိုင်းက ဗျိုင်းဖြူရွာကလူတွေ အများကြီးကို စစ်ကောင်စီက ဒီလိုမျက်နှာဖုံးတွေ စွတ်ပြီး ဖမ်းသွားတာရှိတယ် " ဟုပြောသည်။

အဆိုပါ လူသေအလောင်းများမျောနေသည့် သတင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီးဖုန်းနှင့် ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းတို့ဖုန်းအား ဆက်သွယ်ရာ ခေါ်ဆို၍မရခဲ့ပါ။.

နိရဉ္စရာသတင်းဌာနအနေဖြင့် အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

အောင်တိုင်ချောင်း၀တွင် အလောင်း ၂၀ ခန့် မျောပါနေသည့် သတင်းကို ကြားသိရကြောင်း ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားနေသူ တစ်ဦးကလည်း နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

စစ်ကောင်စီထံ ဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူကျေးရွာသား ရာနှင့်ချီအနက် ယမန်နေ့ ဇွန်လ ၇ ရက်နေ့က ၄၀ ကျော်လွတ်လာပြီး ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ၄၀ကျော်ထပ်မံလွတ်လာပြီး တချို့မှာ အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှလက်ရှိ ဇွန်လ ၈ ရက်နေ့အထိ စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၃၁၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁၄၆ ဦးအထိရှိကာ ဖမ်းဆီးထားသူ ၄၅၂ဦး ထိရှိလာနေပြီဟု ဦးခိုင်သုခက ယနေ့ဇွန်လ ၈ ရက်နေ့ က ပြုလုပ်ခဲ့သည့် နဝမအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ 

ဆက်စပ် သတင်းများ