စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အမ်း-မင်းဘူးကားလမ်းပေါ်မှာ ခရီးသည်တင်ကားတစ်စီး လက်နက်ကြီးကျည်ထိမှန်၍ ၆ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၉/၂၀၂၄

ရခိုင်ပြည်၊ အမ်း-မင်းဘူး ကားလမ်းတွင် ခရီးသည်တင် ကားတစ်စီးကို လက်နက်ကြီးကျည်ထိမှန်၍ ကျောင်းဆရာမတစ်ဦး၊ ကလ ငယ်တစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ အမ်းမြို့နယ် အောက်ရွာမှ  ဒေါ်အမ်းထွေး (ဦးကျော်မြသန်း၏ဇနီး) နှင့် တူမတစ်ဦး၊ ကျောင်းဆရာမ တစ်ဦး၊  ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး၊ နောက်ထပ် အမ်းဒေသခံ အမျိုးသမီး ၂ ဦးတို့ဖြစ်သည်။

ဒဏ်ရာရရှိသူမှာ ယာဉ်မောင်းဖြစ်သူ ဦးငွေလင်း နှင့် ဒေါ်အမ်း‌ ထွေး၏ သမီးဖြစ်သူ အသက် ၇နှစ်အရွယ် တို့မှာ ပြင်းထန် ဒဏ်ရာရရှိသွားကြောင်းသိရသည်။

၎င်းတို့သည် ဝင်းရွှေစင် (၁၂)ဦးစီးကားယာဉ်ဖြင့်   ယမန်နေ့ ဇွန်လ  ၈ ရက်‌‌ နေ့ နေ့လယ် ၂ နာရီ  ကျော်ခန့်က မင်းဘူးမှ အမ်းသို့ပြန်အလာ ကြက်ရေစမ်းရွာအနီးတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံး၊ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" အခုက အမ်း-ပဒါန်းနဲ့မင်းဘူးလမ်းကို စစ်ကောင်စီက ဖွင့်ထားတော့ အသွားအလာရှိကြတယ်လေ။ သူတို့က အစက အမ်းကနေမင်းဘူးဖက်ကို စစ်ရှောင်နေတာ။ အခုအမ်းမှာ ငြိမ်နေတော့ ပြန်လာကြတဲ့ အချိန်မှာ ကြက်ရေစမ်းရွာအနားအရောက်မှာ လက်နက်ကြီးကျည်ထိမှန်သွားတာ ။ အဲ့ဒီမှာ အဒေါ်နဲ့တူမဖြစ်သူကသေပြီး ၇ နှစ်သမီးလေးကပြင်းထန်ဒဏ်ရာရတယ်။ အမ်းကကျောင်းဆရာမ တစ်ယောက်လဲသေတယ်။ ဘယ်ကျောင်းကလဲမသိရသေးဘူး။ နောက်ထပ်ကလေး တစ်ယောက် ဦးခေါင်းထိမှန်ပြီးသေတယ်။ နောက်ထပ်ခရီးသည်အမျိုးသမီးနှစ်ယောက်လည်း သေတယ်။ ယာဉ်မောင်းတော့ပေါင်မှာဒဏ်ရာရတယ်" ဟုပြောသည်။

ဒဏ်ရာရသူများနှင့်သေဆုံးသူများကို ကြက်ရေစမ်းနှင့်အနီးဆုံးဖြစ်သည့် ပဒါန်းဆေးရုံသို့ယူဆောင်သွားသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

" သူတို့ကို အမ်းမြို့ကိုရောက်ဖို့လိုသေးတာကြောင့် ပဒါန်းမြို့ ဆေးရုံကိုပဲယူသွားပါတယ်" ဟုပြောသည်။

ယမန်နေ့က ကြက်ရေစမ်းရွာဖက်နှင့် အနီးတဝိုက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့  တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကားတွင် ထိမှန် သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း စစ်မှုထမ်းရမည်ကို စိုးရိမ်ပြီး ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ ပြန်လာသည့် ကျောင်းသား ၄ ဦး လိုက်ပါလာသည့် ကုန်တင်ကား အမ်းရိုးမပေါ် တိမ်းမှောက်ခဲ့ရာ တက္ကသိုလ်ကျောင်းသားတစ်ဦးအပါအဝင် လေးဦး ပွဲချင်းပြီး သေဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။

အမ်း-ပဒါန်း-မင်းဘူးလမ်းကို စစ်ကောင်စီက  မေလအတွင်းက  ပြန်လည်ဖွင့်လှစ်လိုက်သဖြင့် ဒေသခံများ ခရီးသွားလာနေကြစဉ် ယခု တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  

 

Photo-ပုံဟာင်း

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!