(ယနေ့ ကိုင်းကြီးရွာကို ဗုံးကြဲ၍ ကျောင်းထိုင်ဆရာတော်နှင့် ကလေးငယ်နှစ်ဦးဒဏ်ရာ၇)
နောင်မင်းသူ၊နိရဉ္စရာ၊ ဇွန် ၉ ရက်/၂၀၂၄
အာရက္ခတပ်တော်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် မောင်တောမြို့အနီးအနားနှင့် ကျေးရွာများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး ဇွန်လ၆ ရက်မှ ယနေ့ ဇွန်လ ၉ ရက်အထိ (၄) ရက် အတွင်း လေယာဉ်ဖြင့် ဗုံးကြဲသည့် အကြိမ်ရေ ၃၀ ခန့် အထိရှိကာ ဒေသခံအရပ်သားပြည်သူ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများပြားလာနေကြောင်း မောင်တော ဒေသခံများထံမှသိ၇သည်။
ယနေ့ဇွန်လ ၉ ရက် နံနက်၅ နာရီအချိန်၌ ကိုင်းကြီး(မြို) ကျေးရွာသို့ ဗုံး၂ လုံး ကြဲချခဲ့သဖြင့် ၎င်းရွာတွင် သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဂ၀န ( ဝါတော်၂၂ဝါ)တွင် ဦးခေါင်းပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး အသက်၉ နှစ် အရွယ် ရီသူမတွင် ဘယ်ဘက်လက်ပွန်းပဲ့ဒဏ်ရာနှင့် အသက်၁၂ နှစ်အရွယ် ကိုကိုမောင်၌ ဘယ်ဘက်လက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းပြင် နွားတစ်ကောင် သေဆုံးခဲ့ရကြောင်းကိုင်းကြီး ဒေသခံများထံမှသိရှိ၇သည်။
ဒေသခံတစ်ဦးက "မောင်တောမြို့အနီးနဲ့ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့လာပြီးဗုံးချနေတာ ၄ ရက်လောက် ရှိနေပြီ။ အကြိမ်အရေအတွက်က၃၀ လောက်ရှိတယ်။ အရပ်သားသေဆုံးသူ၃ ဦး နဲ့ ထိခိုက် ဒဏ်ရာရရှိသူ ရ ဦး အထိရှိလာနေတယ် " ဟုပြောကြားသည်။
(၄) ရက်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံမွတ်ဆလင်၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သလို ယနေ့တွင်လည်း ကိုင်းကြီးမြိုတိုင်းရင်းသားကျေးရွာကို ဗုံးကြဲ၍ ကျောင်းထိုင်ဆရာတော်နှင့်ကလေးငယ် ၂ ဦးတို့ ဒဏ်ရာ အသီးသီးရရှိခဲ့ကြကြောင်း ဒေသခံများထံမှ သိ၇သည်။
ဇွန်လ၆ ရက် နံနက်၌ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ဧတေလီယာကျေးရွာအုပ်စု ဟော်ရီတု့လားကျေးရွာမှဦးအီစမိုင် (၆၀)နှစ် (ဘ)ဟာဘီမှာ ဗုံးစကျည်(ဦးခေါင်းဖောက်ထွက်) ဒဏ်ရာဖြင့်ပွဲချင်းပြီးသေဆုံးခဲ့၇သည်။
နောက်ထပ် ကိုဆော်လိမ် (၂၅) နှစ်(ဘ) ဆွေယောက်တူဆောင်း၊ မမာမော်ရီယာ (၂၄)နှစ်(ဘ) အီနာလီ၊ မမတူဆောင်း (၁၈)နှစ်(ဘ)အီနုစ်နှင့် မတာလောင် (၁ရ) နှစ်(ဘ) မာဆီဒိလ်တို့တွင် ခြေလက်ခန္ဓာကိုယ်များ၌ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြကြောင်း ဒေသခံမွတ်ဆလင်များထံမှသိ၇သည်။
ထိုအပြင်ဇွန်လ ၈ ရက်နေ့ ညသန်းခေါင်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ၄ မိုင် မွတ်ဆလင်ကျေးရွာမှာ ဦးဖာဆပ် (၃၅) နှစ်(ဘ)အာမီတူဆောင်းနှင့် ကိုအီစမိုင် (၃၀) နှစ် (ဘ)ရှားအာလောင် ဒဏ်ရာ၇သေဆုံးသွားခဲ့သည်။
ထိုသို့ နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄မိုင်မွတ်ဆလင်ကျေးရွာသူ/သားများ မောင်တောမြို့ပေါ်သို့ ထွက်ပြေးလာကြကြောင်းဒေသခံများကပြောဆိုသည်။
"၄ မိုင်ကကျေးရွာတွေအနီးကို ဂျက်တိုက်လေယာဉ်နဲ့ နေစဉ်ဗုံးကြဲတိုက်ခိုက်နေတာ။ ၂ ဦး သေဆုံးသွားပြီးတဲ့နောက် လူတွေမနေရဲကြတောဘူး။ မောင်တောမြို့ပေါ်ကို ရွာလုံးကျွတ် ထွက်ပြေး လာကြတယ်" ဟု ပြောဆိုသည်။
မြန်မာစစ်အစိုး၇သည်နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု (၁၀၀၀)နီးပါး ပြုလုပ်ခဲ့ပြီး တစ်ရက်လျှင်ပျမ်းမျှ တိုက်ခိုက်မှု ခြောက်ကြိမ်ထိရှိကြောင်း၊ လေကြောင်းတိုက်ခိုက်မှု ငါးခုအနက် တစ်ခုမှာရခိုင်ပြည်နယ်ကို ပစ်မှတ်ထားပြီး သုံးပုံတစ်ပုံမှာ အရပ်သားများကိုပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်းမေလ(၂၉)ရက်ကပြုလုပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ နှင့် အဖွဲ့ဝင်မဟုတ်သူများ ဆွေးနွေးကြသည့် Arria-formulaအစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးLinda Thomas Greenfield က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ဓါတ်ပုံ- ABN လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုင်းကြီး(မြို )ရွာမှ ထိခိုက်ဒဏ်ရာရသူများ အားတွေ့၇စဉ်