စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

မင်းပြားမြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီမှ ဗုံးလာကြဲ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 794

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၉/ ၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့ကို အကြမ်းဖက် မြန်မာစစ်တပ်မှ လေယာဉ်ဖြင့် ဗုံးလာကြဲ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်မှ ဒေါ် ယဉ်ယဉ်အေး အသက် (၄၃)နှစ်ဖြစ်သည်။

မင်းပြားမြို့၊ ကျိန်းတောင်စေတီတော်နှင့် အနီးတစ်ဝိုက်ကိုရော လူနေရပ်ကွက်ကိုပါ ယနေ့ ဇွန်လ ၉ ရက်နေ့ ညနေ ၃နာရီခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာ ဖြင့် လာရောက် ဗုံးကြဲခဲ့သည်ဟု သိရသည်။

ဗုံးတစ်လုံးသည် အလယ်ပိုင်းရပ်ကွက်တွင် ကျရောက် ပေါက်ကွဲခဲ့ကာ ဒေါ် ယဉ်ယဉ်အေး ကျည်စထိမှန်၍ ပွဲချင်းပြီးသေ‌ဆုံးသွားခဲ့သည်ဟု မင်းပြား ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

"  ဂျက်ဖိုက်တာနဲ့ ကျိန်းတောင်စေတီဘုရားအနီးအနားကိုလာပစ်တာ။ အလယ်ပိုင်းရပ်ကွက်ကိုလည်း ပစ်တာ။ အိမ်တစ်လုံးမှာ ကျလို့ အိမ်ထဲမှာ နေနေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ကျည်စ ထိမှန်ပြီး သေသွားတယ်" ဟုပြောသည်။

ယင်းအပြင် နောက်ထပ် ဗုံးလက်နက်ကြီးကျည်တစ်လုံးသည်လည်း အလယ်ပိုင်းရပ်ကွက် ကျိန်းတောင် အနီးတွင်ရှိသည့် ဓမ္မိကာရုံ ဘုန်းတော်ကြီးကျောင်းတွင် ထိမှန်၍  ကျောင်းတစ်ဆောင်လုံး ပြိုပျက် သွားသည်ဟု ၎င်းကပြောသည်။

"  ဘုန်းကြီးကျောင်းတွေကိုလည်း ရည်ရွယ်ချက်ရှိရှိပစ်တာများပြီး။အရင်မကြာခဏလာပစ်လို့ သံဃာတော်တွေဒဏ်ရာရတာမျိုးရှိတယ်။ အခုလည်း ဘုန်းတော်ကြီးကျောင်းကို လာပစ်တယ်။ လူမိစ္ဆာတွေ" ဟုပြောသည်။

ရခိုင်တွင် ၆ လကျော် တိုက်ပွဲအတွင်း လူနေအိမ် ၈၄၅၁ဆောင်၊ စာသင်ကျောင်း ၁၉ကျောင်း၊ ဆေးရုံ ၉ ဆောင်၊ သာသနိကအဆောက်အအုံ ၆၁ဆောင်နဲ့ တံတား ၁၃စင်း ပျက်စီးခဲ့ရသည်ဟု ဦးခိုင်သုခက ဇွန်လ ၈ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ယင်းအပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၃၁၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁၄၆ ဦးထိရှိနေပြီလည်း ဦးခိုင်သုခ က‌ဆိုသည်။ 

 

(ပုံဟောင်းသာ)

ဆက်စပ် သတင်းများ