စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

အကြမ်းဖက်မြန်မာစစ်တပ်က စစ်တွေမြို့နယ်အတွင်းမှ ကျေးရွာ (၅)ရွာကို အတင်းပြောင်းရွှေ့ခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၉/ ၂ဝ၂၄

ရခိုင်မှ မြန်မာစစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိနေသည့်  စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာ(၅) ရွာမှ ဒေသခံများကို စစ်တွေမြို့အတွင်းသို့  (၅) ရက်အတွင်း ပြောင်းရွှေ့ခိုင်းထားသည်ဟု သတင်းရရှိသည်။

“  ဒီလ ဇွန် ၉ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့ အတွင်း ပြောင်းရွှေ့ဖို့ အမိန့်ပေးထားပါတယ်။ ပြောင်းရွှေ့ရမယ့် ကျေးရွာတွေကတော့ အောင်တိုင်၊ ပလ္လင်ပြင်၊ အုန်းရေဖော်၊ ကျက်တောပြင်နဲ့  ရေချမ်းပြင် ကျေးရွာတို့ ဖြစ်ကြပါတယ်”ဟု  ဒေသခံတစ်ဦးက ပြောသည်။

ပြောင်းရွှေ့ရန်မှာ စစ်တွေမြို့တွင်းသို့ ဖြစ်ပြီး တစ်ခြားနေရာသို့ မပြောင်းရွှေ့ရဟု အမိန့်ထုတ်ထားသည်ဟု ဆိုသည်။

“ ဘာကြောင့် ပြောင်းခိုင်းတယ်လို့တော့မသိရသေးဘူး။ ပြောင်းခိုင်းတာကတော့ ဟုတ်ပါတယ်။ လာမယ့် ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရမယ်လို့ပါ။ စစ်တွေမြို့ကိုဝင်။ တခြားနေရာကိုတော့ မသွားနဲ့ပေါ့။” ဟုပြောသည်။

၎င်းကျေးရွာတာဝန်ရှိသူများကို စစ်တွေမြို့နယ် စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြောင်း ကြားထားခြင်းဖြစ်ကြောင်းသိရသဖြင့် နိရဉ္စရာအနေဖြင့် သက်ဆိုင်ရာကို အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဖုန်းဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

ယခုကဲ့သို့ ပြောင်းရွှေ့ခိုင်းသဖြင့် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး နေအိမ်စွန့်ခွာကြရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

အကြမ်းဖက် မြန်မာစစ်တပ်သည် မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသို့ ဝင်ရောက်ပြီး လူပေါင်း ၇၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ပြီးနောက် တစ်ခြား ကျေးရွာများကို အတင်းဓမ္မ ပြောင်းရွှေ့ရန် စီစဉ်လာခြင်းဖြစ်သည်။   ပုံ- ရေချမ်းပြင်ဆိပ်ကမ်း (ပုံဟောင်း)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!