စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မောင်တောမှ စစ်ကောင်စီစက်လှေနစ်မြုပ်ရာတွင် ပါဝင်သည့် ကလေးငယ်များနှင့် အမျိုးသမီးများအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူရဲ့ လူမှုစာမျက်နှာမှ တဆင့်ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၁ဝ/ ၂ဝ၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကမ်းခြေတွင် စစ်ကောင်စီ မိသားစုဝင်များလိုက်ပါလာသည့် စက်လှေနစ်မြုပ်ရာတွင် ပါဝင်သွားသည့် ကလေးငယ်များနှင့် အမျိုးသမီးများနှင့် ပတ်သက်၍ အလွန်စိတ်မကောင်းဖြစ်မိကြောင်း အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X တွစ်တာလူမှုကွန်ရက်တွင် ယနေ့ နံနက်က ရေးသားထားသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “MA ၏ ရက္ခိုင်စစ်မျက်နှာစာအခြေအနေ။ ရက်စက်ယုတ်မာသူများအတွက် ကံ” ကံ၏အကျိုး ဟုဆိုသော်ငြားလည်း ခလေးသူငယ်နှင့် အမျိုးသမီးများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားလာခဲ့သည်။

အဆိုပါ မောင်တောမြို့ အလယ်သံကျော်အနီးပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး မောရမဝတီ နခခ(၄)နှင့် မြင်းလွှတ် နခခ(၉)တို့မှ စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်မိသားစုဝင်များ၏ စက်လှေမှာ နစ်မြုပ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးတချို့ရေနစ်မြုပ်ပျောက်ဆုံးနေသည်ဟု ၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ Live လွှင့်နေသည့်ရုပ်သံဖိုင်မှာ ဖေ့စ်ဘွတ်ခ် လူမှု့ကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။
ရုပ်သံဖိုင်တွင်စက်လှေမှောက်ပြီးကလေးငယ်များနှင့်အမျိုးသမီးများ မေ့မျောနေသည့်ကိုတွေ့ရပြီး အမျိုသမီးနှစ်ဦးနှင့် ကလေးနှစ်ဦးပျောက်ဆုံးနေကြောင်းပြောဆိုထားသည်။

“နယ်ခြားစောင့်(၄)နဲ့ နယ်ခြားစောင့်(၉)နဲ့ လက်ရှိကျန်ရှိတပ်ဖွဲ့ဝင်တွေနဲ့ ဆုတ်ခွာတဲ့အချိန်မှာဗျာ ကမ်းထိုးနဲ့ဆိုတော့ စက်လှေနဲ့ ကပ်ပေမယ့် ဗျူဟာကချိတ်ပေးလို့၊ မောရဝတီဗျူဟာက ချိတ်ပေးတဲ့ အတွက် ဒီမှာ တပ်ဖွဲ့ဝင်တွေအကုန်လုံး တပ်မမှူးအမိန့်လည်းရပြီတဲ့။ ကွပ်ကဲရေးမှူး အမိန့်လည်း ရပြီးဆိုတော့ ဆုတ်မယ်ပေါ့ ကျွန်တော်တို့က။ သူတို့အရင်စက်လှေတစ်စီးနဲ့ ကမ်းထိုးဖို့ အရင်သွားတယ်ဗျာ” ဟု ပြောဆိုထားသည်ကိုတွေ့ရသည်။

စစ်ကောင်စီ အရာရှိများ ကမ်းထိုးရေယာဉ်ဆီသို့ ဦးစွာသွားပြီး စက်လှေများကို နောက်ကျန်သူ စစ်သားများနှင့် မိသားစုများကို ခေါ်ယူရန် ပြန်လွှတ်ခဲ့သည်ဟု ဆိုသည်။

" သူတို့ ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊ သားသမီးတွေ၊ ကလေးတွေဗျာ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီး စလုံးကို သေနတ်နဲ့ ပစ်လွှတ်တယ်တဲ့ဗျာ။ ကမ်းထိုးပေါ် အတက်မခံဘူးတဲ့။ အကပ်လည်းမခံဘူးတဲ့။ အဲဒါ ပြန်လှည့်လာတော့ ကမ်းခြေမှာ လှိုင်းတအားကြီးတော့ စက်လှေမှောက်တယ်ဗျာ။ ရဲမိန်းမ နှစ်ယောက် ရှာမရဘူးဗျာ ။ကလေးနှစ်ယောက် ရော။ ဟိုမှာလည်း ကလေးနှစ်ယောက်က မွန်းပြီး မျောနေတယ်ဗျာ”ဟု စစ်ကောင်စီ ရဲဘော်က ၎င်းလွှင့်တင်သည် ရုပ်သံ၌ ပြောပြထားသည်။

ရုပ်သံ၌ ကလေးအချို့ရေမွန်းပြီး သတိမရသေးသည့် အခြေအနေကို တွေ့ရသည်။

၎င်းစစ်ကောင်စီတပ်သားကပင် " ကလေးက ရလား။ မှိုင်းနေလို့ နှိုးကြည့်အုံး။ သမီးရေ ၊ သမီးရေ။ မွှန်နေတာနေမှာ။ ကလေးတွေက လောလောဆယ် မစိစစ်ရသေးဘူး။ စက်လှေမှောက်ပြီး ကလေးတွေပါ ရေနစ်ကုန်တာဗျာ။ ဟိုမှာတစ်ယောက် ဒီမှာတစ်ယောက်။ ဒီမှာ တစ်ယောက်ကလည်း မှီန်းနေပြီ။ စက်လှေအောက်မှာ လူရှိသေးတာလား မသိဘူး။ ရဲမိန်းမ နှစ်ယောက်ပျောက်နေတယ်ဗျာ။ ကလေး နှစ်ယောက်နဲ့”ဟု ရုပ်သံရိုက်ကူးသည့် ရဲဘော်က ပြောကြားနေသည်ကို တွေ့ရသည်။

အဆိုပါ ရဲဘော်နှင့်အတူ မိသားစုဝင်များ၊ ကလေးများ၊ အခြား စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို ကမ်းခြေ၌ တွေ့ရသည်။

အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးသုခကလည်း “ တပ်ပျက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ​၏ သူတို့အချင်းချင်းကြား လူသားချင်း စာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးများ​၏ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်း ထွက်ပြေးမှုနှင့် လူ့အသိစိတ်ဓါတ်ပျောက်ဆုံးမှုတို့ကို ရှင်းရှင်းလင်းလင်းဖော်ပြနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင်ရိုက် ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်” ဟု သူ တယ်လီဂရမ်ပို့စ်တွင် ဖော်ပြထားသည်။

၎င်းရုပ်သံဖိုင်သည် လူမှုကွန်ယက်စာမျက်နှာတင် ပျံ့နှံ့နေပြီး ကြည့်ရှုသူ အလွန်များပြားလျက်ရှိနေသည်။

ဆက်စပ် သတင်းများ