စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

AA မဝင်ရောက်နိုင်အောင် မောင်တော အလယ်သံကျော်တံတားအား စစ်‌ကောင်စီ မိုင်းခွဲဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

နောင်မင်းသူ၊ နိရဉ္စရာ၊ဇွန် ၁၀ /၂၀၂၄

အာရက္ခတပ်တော် (AA) မဝင်ရောက်လာနိုင်အောင် မောင်တောမြို့တောင်ပိုင်း  ၂၄ မိုင် အကွာတွင် တည်ရှိသည့် အလယ်သံကျော် ကွန်ကရစ် တံတားကြီးအား ဇွန်လ ၉ ရက်နေ့၌ စစ်‌ကောင်စီတပ်မှ မိုင်းခွဲ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

၎င်းတံတားသည် ပေ ၁၁၀ အရှည်ရှိပြီး နယ်မြေ(၇) မောင်တော- အလယ်သံကျော် ကားလမ်းပေါ်တွင် တည်ရှိကာ ပြည်သူများ နေ့စဉ်ဓူ၀ အသုံးပြုနေသည့် တံတားလည်း ဖြစ်သည်။ 

ဒေသခံ တစ်ဦးက "အလယ်သံကျော် နယ်‌‌မြေစခန်းကြီးကို အေအေ တပ်တွေ ဝင်မလာနိုင်‌အောင် တံတားကို မိုင်းခွဲ လိုက်တာ။ မောဝတီ နခခ (၄) စခန်းကျပြီးတာနဲ့ မောရဝတီဗျူဟာစခန်းက စစ်သားတွေလာပြီး မိုင်းခွဲလိုက်ကြတာ"ဟု ပြောကြားသည်။

ယခုကဲ့သို့ တံတားကို ချိုးဖျက်လိုက်သော်လည်း အာရက္ခတပ်တော်မှ စစ်သည်များ ဝင်ရောက် လာမည်ကို တားဆီး၍ ရနိုင်မည်မဟုတ်ဟု ၎င်းက  ပြောဆိုသည်။

"အလယ်သံ‌ကျော် နယ်မြေစခန်းမှာ စစ်အင်အားတွေ မနေ့က ထပ်ဖြည့်တာရှိတယ်။ မောရဝတီဗျူဟာ စခန်းလည်း အလယ်သံကျော်ကို နောက်ဆုတ်လာတယ်။ အင်အားများနေတယ်။ မောင်တောဖက်က အလယ်သံကျော်ကို လာတဲ့ တံတားကိုမိုင်းခွဲလိုက်လို့ ဘာမှမထူးဘူးလေ။ မြင်းလွတ်-ဥဒေါင်းလမ်းက နေ အေအေတပ်ဖွဲ့တွေ အလယ်သံကျော်ကိုဝင်လာလိုရတာဘဲ။ "

စစ်ကောင်စီတပ်များသည် ကျီးကန်းပြင်ဌာနချုပ် နှင့် လှဖိုးခေါင် နခခ(၁၀) နယ်ခြားစောင့်ရဲတပ်ဖွဲခွဲ စခန်း များလက်နက်ချတပ်ဆုတ်ပြီးတဲ့နောက် ၌လည်းမောင်တောမြို့တွင်း သို့ AA တပ်ဖွဲများ မဝင်ရောက်နိုင်ရန် မြို့တွင်းဆက်သွယ်ထားသည့် တံတား ၄ စင်အားမိုင်းခွဲ ဖျက်ဆီး ဖြတ်တောက်ခဲ့ကြသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် မောရဝတီနှင့် အလယ်သံကျော်‌ကျေးရွာရှိ ရခိုင်လူမျိုးများမှာ လွန်ခဲ့သည့် တစ်လခန့်ကပင် ကြိုတင် စစ်ဘေးရှောင်လျှက်ရှိနေကြပြီး အလယ်သံကျော် "ကံဘေး(မွတ်ဆလင်) ကျေးရွာ၌သာ မွတ်ဆလင်နေအိမ် ၅၀ ခန့် လူဦးရေ ၂၀၀ ကျော်နေထိုင်လျှက် ရှိကြောင်းဒေသခံများထံမှသိရသည်။

ဆက်စပ် သတင်းများ