Preview

သံတွဲ မြို့ ဂေါ့တောင်အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားနေ

ဇွန် ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :3129
ရခိုင် သတင်း

(အာရက္ခတပ်တော်က လေယာဉ်ကွင်းကို ဦးတည်တိုက်ခိုက်လာနေ)

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၁၀ ရက်/၂၀၂၄

သံတွဲမြို့ ဂေါ့တောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြားဇွန် ၉ ရက်နှင့် ၁၀ ရက်၊   ၂ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ 

ဒေသခံ တစ်ဦးက “ အေအေက သံတွဲလေယာဉ်ကွင်းကို အဓိကဦးတည်လာနေတာ။ ဂေါ့တောင်တန်းဖက်က တက်လာတယ်။မှိုဟင်းပြင်ရွာဖက်ကတက်လာတယ်။ စစ်တပ်ကလည်းသိတယ်။ ဒါကြောင့် လေကြောင်း ရေကြောင်းကပါ မရပ်မနား ပါဝင်တိုက်နေတာ။လေယာဉ်ကွင်း ပတ်ဝန်းကျင်မှာ စနိုက်ဘာတွေရှိတယ်။ ဂိတ်တွေရှိတယ်။တပ်လည်းစွဲထားတယ်။ဒါပေမယ့် မြို့ခံတွေခန့်မှန်းတာက သံတွဲလေယာဉ်ကွင်းကို မကြာခင် အေအေသိမ်းလိမ့်မယ်” ဟုဒေသခံတစ်ဦး ကပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့်တချို့နေရာများမှာ(၆.၅) ကီလိုမီတာခန့်သာ ကွာဝေးသည်ဟု အေအေ၏ ဇွန်လ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ရေကြောင်း အပါအဝင်မြေပြင်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကာစစ်ကူပေးလျှက်ရှိသော်လည်း အေအေ၏ ထိုးစစ်ကို မကာကွယ်နိုင်ဘဲ ဖြစ်နေသည်ဟု အနီးအနားရှိဒေသခံများထံမှသိ၇သည်။

ဇွန်လ ၉ ရက်နှင့် ဇွန်လ ၁၀ ရက်နေ့ တို့တွင်သံတွဲ မြို့ ဂေါ့ကျေးရွာအနီး ဂေါ့တောင်ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းမှာပိုမိုပြင်းထန်လာပြီး  ဂေါ့တောင်တန်းတစ်လျှာက်တွင် မီးလောင်မှုများ ရှိနေသည်ဟု နောက်ထပ် မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

“ လက်နက်ကြီးဆက်တိုက် ပစ်နေတာပါ။ ၂ ရက်ရှိပြီ၊ဆက်တိုက်ပစ်တာ။သံတွဲတစ်မြို့လုံးက ကြားနေရတယ်။ လက်နက်ကြီးရော လေယာဉ်ရော၊ ရေတပ်ကရော အချက်ပေါင်းရာချီပစ်နေတာ။အခုက ဂေါ့တောင်တန်းကို အဓိကပစ်တယ်။ လေယာဉ်ပါပစ်နေတာ” ဟုဒေသခံတစ်ဦးမှပြောသည်။

သံတွဲမြို့ တွင် ၃ရက်ခန့်လေယာဉ်ဖြင့် ဗုံးမကြဲပဲရပ်တန့်နေရာမှစစ်ကောင်စီမှ ဇွန်လ ၉ ရက်နေ့တွင်စတင်ကာ ပြန်လည်ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်းသိ၇သည်။

“ ဇွန်လ ၆ ရက်နေ့က  ခလ၇ ၅၅ ထဲ ဗုံးမှားကြဲလို့စစ်သားတွေ သေတယ်လို့ကြားတယ်။အဲဒီ နောက်ပိုင်းက စပြီး ဗုံးကြဲတာရပ်နေတာ။ မနေ့က ပြန်ပြီးကြဲတယ်။အေအေရှိနိုင်မယ်လို့ ထင်တဲ့ တောင်တန်းတွေကို ကြဲနေတာ”ဟု၎င်းက ဆက်ပြောသည်။

ဂေါ့တောင်တန်းများအားဗုံးကြဲနေသော စစ်ကောင်စီလေယာဉ်များသည် မိတ္ထိလာမြို့လေတပ်မှ ဖြစ်နိုင်သည်ဟု၎င်းကခန့်မှန်းပြောဆိုပြီး ယနေ့တွင် ကောင်းကင်ပေါ်တွင် ၂ နာရီခန့် ဝဲပျံကာ ဗုံးကြဲခဲ့သည်ဟုဆိုသည်။

ဇွန်လ ၂ ရက်မှစတင်ကာ ငပလီမြောက်ဘက် ဂေါ့တောင်အနီးတစ်ဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇွန်လ ၅ ရက်မှာ စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုများ၊ ရေတပ်ပစ်ကူများနှင့် မြေပြင်လက်နက်ကြီး ပစ်ခတ်မှုများ ဆက် တိုက်လုပ်ခဲ့ပြီးနောက်ပိုင်း နှစ်ဘက်ပစ်ခတ်မှုရပ်နား သွားရာက ယခုအခါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာနေရာများသည် ခမ၇ ၅၆၆ တပ်ရင်းနှင့် ၂ မိုင်ခန့်အကွာအဝေးတွင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိ၇သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ငပလီ၊ သံတွဲလေဆိပ်၌ တပ်စွဲကာ တိုက်ပွဲဖြစ်ပွား အနီးဝန်းကျင်သို့ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်လျက်ရှိကြောင်းသိ၇သည်။

အေအေ၏ ဇွန်ရ ရက်နေ့ ထုတ်ပြန်ချက်တွင် “သံတွဲမြို့နယ်၊ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေး နှင့် ဂေါ့တ် (Gawt)တောင်တန်းအနီးတွင်၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့များ၌တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့ကြောင်း၊ ရန်သူသည်ပင်လယ်ပြင်မှ စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့်၎င်းနေရာအား အသည်းအသန် ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့်ကစဉ့်ကလျား ထွက်ပြေးလျက်ရှိကြောင်း”  ဖော်ပြထားသည်။ 

သံတွဲ၊ ဂေါ့ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစ်စီးအားမိမိတို့မှ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူအလောင်းအမြောက်အမြားနှင့်လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကိုသိမ်းဆည်း၇မိခဲ့သည်ဟု ဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသောရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိသည်ဟုလည်း အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တိုက်ပွဲများကြောင့် ဂေါ့ကျေးရွာသားအချို့သည် ကျေးရွာအတွင်းပိတ်မိနေပြီး အနီအနားရှိ စပါးကြီးကျေးရွာ၊မှိုဟင်းပြင်ကျေးရွာ၊ ခလ၇ ၅၆၆ အနီးရှိဇီးဖြူကုန်းကျေးရွာတို့မှ ဒေသခံများမှာ  စစ်ဘေး တိမ်းရှောင်နေကြကြောင်း သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.